ခေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးသည့် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းတစ်ခုကို တွေ့ရစဥ် (Photo-MOALI)

၁. ၁၂. ၂၀၂၂
Written by Tha Doe

ကိုဗစ် – ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း(၁)နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်းကော်မတီက ကြေညာထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ ကုမ္ပဏီ/ လုပ်ငန်းစုစုပေါင်း ၃၂၅ ခု၊ ချေးငွေပမာဏကျပ် ၇ ဒသမ ၆ ဘီလျံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် မကြာမီချေးငွေသက်တမ်းကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလစေ့ရောက်တော့မည်ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုများ ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၅ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း (၁)နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ်ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခဲ့သည်။

ယင်းသတ်မှတ်ချက်နှစ်ခုမှာ အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီးဖြစ်ရန်နှင့် ချေးငွေအား ရည်ရွယ်ချက်အတိုင်းထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်း ဖြစ်ရန်ဆိုသည့်အချက်ဖြစ်ပြီး လုပ်ငန်းကော်မတီကခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ချေးငွေသဘောတူ စာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *