၃၀. ၁၁. ၂၀၂၂
Written by Nay Moe

မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်မှုကို နိုဝင်ဘာ ၂၉ ရက်က SAC ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးအပြီး ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော်သား ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့် တပ်မတော် အားကစားပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းက အလေးထားဆောင်ရွက်လျက်ရှိမှုနှင့် ယခုကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတာ် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ် ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှားတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *