၁၇. ၁.၂၀၂၄
Written by Hey Mar

စက်ရုံဖယ်ရီနဲ့ တွဲကားတိုက်မိရာက ဖယ်ရီပေါ်ပါ စက်ရုံလုပ်သား အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မနက်အစောပိုင်းက မင်္ဂလာဒုံမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေလမ်းခွဲနဲ့ ၁၀၆ မှတ်တိုင်ကြားမှာ နံနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စက်ရုံဖယ်ရီ ဒိုင်နာယာဥ်နဲ့ ကွန်တိန်နာတင်တဲ့ တွဲကားအလွတ် ကွေ့ကြောမှာ တိုက်မိခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ထိခိုက်မိသူ အမျိုးသမီး ၂၁ ဦးရှိပြီး အမျိုးသားလူနာ ၁၁ ဦးထိခိုက်ခဲ့သလို အမျိုးသမီး ၁ ဦးက စိုးရိမ်ရဒဏ်ရာတွေရခဲ့တာကြောင့် အင်းစိန်ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြေပြင်ကူညီပေးခဲ့တဲ့ ကြယ်စင်မေတ္တာပရဟိတအသင်းရဲ့ ကူညီမှုအရ သိရပါတယ်။

မြေပြင်သွားရောက်ကူညီမှုပေးခဲ့တဲ့ ပရဟိတဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုသန်းနိုင်က “တွဲကားယာဥ်မောင်းကတော့ ကျွန်တော်တို့ ရောက်သွားချိန် မရှိတော့ဘူးဗျ။ ကျွန်တော်နဲ့ ယာဥ်ထိန်းအရာရှိတစ်ယောက်က လမ်းကြောမပိတ်အောင် ကူရှင်းရင်း ဖယ်ရီပေါ်မှာလည်း အဝါရောင်အဆင့် ပေါက်ပြဲသွေးထွက်ဒဏ်ရာတွေများတော့ လူမှုကူညီရေးအသင်းတွေကို ချိတ်ဆက်ပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ နောက်ပြီး ဖယ်ရီယာဥ်မောင်းက ခေါင်းခန်းမှာ ခြေထောက်ညပ်နေတယ်။ သွေးထွက်လွန်မှာ စိုးရိမ်ရတာနဲ့ လူအားနဲ့ ထုတ်ကြည့်တော့ ဆွဲထုတ်လို့ ရလို့ အင်းစိန်ဆေးရုံ အရေးပေါ်ကို ပို့ဆောင်ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

ဓာတ်ပုံ – ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *