အုတ်သယ်ယာဥ်တိမ်းမှောက်နေမှုမြင်ကွင်းကို တွေ့ရစဥ်

၂၈.၁၁.၂၀၂၂
Written by Thi Ha

လမ်းပေါ်လွှတ်ကျောင်းသည့် နွားအုပ်ကို အုတ်သယ်ယာဥ်က တိမ်းရှောင်ရာမှ ယာဥ်တိမ်းမှောက်ကာ လူရော နွားပါ သေဆုံးမှု ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပြင်ဦးလွင်မြို့နယ်၊ ကျိုင်းထောင်းရွာနှင့် သင်္ဂတုံရွာကြားတွင် အုတ်သယ်ယာဉ်မှ လမ်းမပေါ်လွှတ်ကျောင်းသည့် နွားအုပ်ကို တိမ်းရှောင်ရာမှ အရှိန်လွန်တိမ်းမှောက်ကာ လူ နှင့် နွား သေဆုံးမှု ယနေ့ နိုဝင်ဘာ ၂၈ရက် နံနက် ၁၁ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်ကြောင့် အုတ်သယ်ယာဥ်ပေါ်တွင် ပါလာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ နွားအုပ်ကိုကျောင်းလာသူ နွားကျောင်းသားနှင့် နွားနှစ်ကောင်လည်း သေဆုံးခဲ့သည်ဟု ပြင်ဦးလွင်မြို့နယ်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား ပြင်ဦးလွင်ဆေးရုံကြီးသို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *