သလဲဘာကျေးရွာအား PDF များ ပစ်ခတ်တိုက်ခိုက်နေစဥ်

၂၈. ၁၁. ၂၀၂၂
Written by Nay Moe

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ သလဲဘာကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိတပ်စွဲနေသဖြင့် ပျုရွာဟုသတ်မှတ်ကာ မြင်းမူအခြေစိုက် GTR MMU အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းကိုပါ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေးအချိန်နှင့် အရှိန်ရလာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များသည် ခုခံစစ်မှ တန်ပြန်ထိုးစစ်ဆင်မှုများ ပျောက်ကျားတိုက်ခိုက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် စစ်ကြောင်းထိုးခြင်း ပြုလုပ်ရန် ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့များအား လက်ခံထားသော ပျူရွာများဖြစ်သည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာကို နိုဝင်ဘာ ၂၄ ရက်တွင် GTR MMU MMDF၊ Fight For Federal၊ ဝက်လက်ခရိုင်တပ်ရင်း(၁) ဗိုလ်ချုပ်အဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း(၆)၊ စစ်ကိုင်းနယ်မြေခံ ပ.က.ဖ တို့ ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် တိုက်ပွဲဖေါ်ဆောင်ခဲ့ကာ ရန်သူအကျအဆုံးကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင်လည်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ (၂) (GTR MMU, MMDF) ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ၄ ( တိုက်နယ်စွန် )၊ မြင်းခြံခရိုင် တပ်ရင်း ၆ ဒေသခံမဟာမိတ်အဖွဲ့တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူလူထု ကားတွေ တိုက်ပွဲကြား ဖြတ်သန်းနေတာကြောင့် ဆုတ်ခွာခဲ့ရပါတယ်။ မိမိတို့မဟာမိတ်အဖွဲ့ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု GTR MMU က ဆိုသည်။

PDF အဖွဲ့အစည်းရာချီရှိနေသည့် စစ်ကိုင်းတိုင်းတွင် လက်ရှိအချိန်၌ စစ်ရေးတင်းမာနေပြီး စစ်ကိုင်းမြို့နယ် ကျေးရွာများဖြစ်သည့် ညောင်ပင်ဝန်း‌ရွာ၊ လက်ပံသာရွာ၊ ထိန်ကုန်းရွာ၊ မောင်းထောင်ရွာ၊ မအူပင်၊ သဖန်းသာရွာများသို့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၇ နာရီကျော်အချိန်မှစပြီး စစ်ကြောင်းထိုးနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *