၂၈. ၁၁. ၂၀၂၂
Written by Pan Ei

ကာတာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို မော်ရိုကိုအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မကျေမနပ်ဖြစ်နေကြတဲ့ ဘယ်လ်ဂျီယံဘောလုံးအသင်း ပရိသတ်တွေက မော်တော်ကားတွေနဲ့ စကူတာတွေကို မီးရှို့ခဲ့တာကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့သလို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ကလည်း လူတစ်ဒါဇင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အဆိုပါ ဆူပူအုံကြွမှုတွေဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့မြို့တော် နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရာမှာ ဘောလုံးပရိသတ်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

“အဓိကရုဏ်းကို ဖြစ်စေခဲ့တဲ့ ဘောလုံးပရိသတ်တွေဟာ တုတ်တွေသုံးပြီး ဈေးဆိုင်တွေကို ဖျက်ဆီးတာတွေ၊ မော်တော်ကားတွေကို မီးရှို့တာတွေအပြင် မီးရှူးမီးပန်းတွေလည်း ဖောက်ခဲ့ကြပြီး မီးရှူးမီးပန်းဖောက်တာကြောင့် ဂျာနယ်လစ်တစ်ဦးလည်း ဒဏ်ရာရရှိသွားပါတယ်” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဘရပ်ဆဲလ် မြို့တော်ဝန် Philippe Close ကလည်း လူတွေကို မြို့လယ်နဲ့ ခပ်ဝေးဝေးမှာနေဖို့ တိုက်တွန်းခဲ့ပြီး အာဏာပိုင်တွေက လမ်းတွေပေါ်မှာ စည်းကမ်းတကျဖြစ်အောင် အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ ရဲအရာရှိအင်အား ၁၀၀ ခန့်နဲ့ ဆူပူအုံကြွမှုတွေကို ထိန်းသိမ်းခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အကြမ်းဖက်မှုတွေကို ကန့်သတ်ဖို့ မြေအောက်ဘူတာရုံတွေကို ပိတ်ထားခဲ့ပြီး လမ်းတွေကိုလည်း ပိတ်ဆို့ထားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ မော်ရိုကိုအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု F ကနေ တစ်မှတ်အသာနဲ့ တက်လှမ်းဖို့ဆိုရင် ကြာသပတေးနေ့မှာ ယှဉ်ပြိုင်မယ့် ခရိုအေးရှားနှင့်ပွဲမှာ အနိုင်ရလဒ်ရဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *