၂၈.၁၁.၂၀၂၂
Written by A Thaung

ခါးပိုက်နှိုက်များ ပိုမိုသောင်းကျန်းလာနေပြီး ဓားပြတိုက်မှုများပါ ဖြစ်ပွားလာနေသည့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ဘတ်စ်ကားများပေါ်တွင် CCTVများ ပြန်လည်တပ်ဆင်ထားကြရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဝင်းတင့်က ညွှန်ကြားထားကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက MT News သို့ ပြောသည်။

“ဘယ်နေ့ဘယ်ရက်မှာ အပြီးတပ်ရမယ်လို့ Target Date မပါဘူး။ ဆောင်ရွက်ရန်ပဲ။ သူက အဓိကတပ်ခိုင်းတာကတော့ အရှေ့တည့်တည့်ရယ်၊ ကားအတွင်းခန်းထဲကို တစ်ခုရယ်ပဲ။ အရှေ့ကျတော့ ယာဉ်တိုက်မှုတွေဖြစ်ရင် အငြင်းပွားစရာမရှိအောင်လုပ်တဲ့သဘော။ အတွင်းခန်းထဲကျတော့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို စောင့်ကြည့်တဲ့သဘောပဲ” ဟု ၎င်းကပြောသည်။

NLD အစိုးရဟောင်းလက်ထက်ကလည်း YBS ယာဉ်များပေါ်တွင် CCTV အပြည့်တပ်ဆင်ထားရန် ညွှန်ကြားခြင်းကြောင့် တပ်ဆင်ထားသော်လည်း အများစုမှာ ပျက်စီးချို့ယွင်းသဖြင့် ဖြုတ်ထားကြကြောင်း ယာဉ်လိုင်းကုမ္ပဏီများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) လက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်းမှ YBS ယာဉ်အစီးရေ ၃၁၅၅ စီးပြေးဆွဲနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *