ပုံစာ-အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ ယခင် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးနေမှုကို တွေ့ရစဉ် (Photo-MDN)

၁၁. ၁. ၂၀၂၃
Written by Nyein Kyaw

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးမှုများအရ စင်ကာပူနိုင်ငံမှ ပြန်ရောက်လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများမှ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအသစ် ၃ မျိုး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၀ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ၏ ဓာတ်ခွဲနမူနာ ၁၈ ခုအား မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု(Whole Genome Sequencing)ကို ဆောင်ရွက်ခဲ့ရာ စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၃ ခုနှင့် ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၁၃ ခုတို့ စုစုပေါင်းဓာတ်ခွဲနမူနာ ၁၆ ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များဖြစ်ပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူသုံးဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၃ ဦးတွင် Omicron JN.1 ၁၁ ဦးနှင့် XBB.1.16.17နှစ်ဦးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ပိုးတွေ့ရှိသူအားလုံးသည် ကျန်းမာရေး အခြေအနေများ သက်သာ ကောင်းမွန်ပါသဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီး ယခုတွေ့ရှိရသော SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့သည် မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း ‌ဖော်ပြထားသည်။

ယခုတွေ့ရှိသည့် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှု မရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News