၁၁. ၁. ၂၀၂၄
Written by Nyein Kyaw

ထားဝယ်အထူးစီးပွား‌ရေဇုန်စီမံကိန်းကို လက်ရှိထိုင်းအစိုးရအနေဖြင့် စိတ်ဝင်စားပြီး ပြန်လည် ဆက်သွယ်လာသည်များရှိသည့်အတွက် ထိုင်းအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထူးစီးပွားဇုန် တတိယစီမံကိန်းမှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခဲ့ရသည်။ သို့သော် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိနေသည်ကို သိရသည်။

ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒအနေဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေးဇုန် တည် ထောင်ကာ အရှေ့စီးပွားရေးစင်္ကြံ (Eastern Economic Corridor)ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယူဆရသည့်အတွက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်သူ အသစ်ရွေးချယ်၍ ကုန်ကျစရိတ်များသာရှိပြီး ဝင်ငွေမရှိသည့် Special Purpose Vehicle (SPV) ဖျက်သိမ်းရေးကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *