၁၁. ၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုနီးယားပြည်နယ်အတွင်း ကားလမ်းပေါ်၌ သမင်တစ်ကောင်ကို ရှောင် တိမ်း‌မောင်းနှင်ရင်း နက်ရှိုင်းလှသော ချောက်၏အောက်ခြေအထိ ကားနှင့်အတူ ပြုတ်ကျသွားခဲ့သော အမျိုးသမီးတစ်ဦးအား လေးညခန့် ကြာပြီးသည့်နောက်တွင် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအမျိုးသမီးက Mt. Baldy တောင်အနီး၊ လော့စ်အိန်ဂျယ်လ်မြို့ အပြင်ဘက်တွင် တောင်ကိုပတ်၍ဖောက်ထားသော ကားလမ်းအတိုင်း ဇန်နဝါရီ ၃ ရက်က နောက်တွဲပါထရပ်ကားကိုမောင်းနှင်လာစဉ် ကားလမ်းပေါ်ဉ်ဖြတ်သွားသော သမင်တစ်ကောင်ကို ရှောင်တိမ်းရင်းလမ်းကြောင်းပြောင်းခဲ့ရာမှ ချောက်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ကားက ချောက်၏အောက်ခြေပိုင်း အနက် ၂၅၀ ပေ အထိထိုးကျသွားခဲ့ရာ အမျိုးသမီးမှာ ခြေကျင်းဝတ်တစ်ဖက်ကျိုးကာ ကားအတွင်း အေးမြလှသော ရာသီဥတုအခြေအနေ၌ လှောင်ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။

ချောက်၏အောက်ခြေ၌ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကားအတွင်း ထိုအမျိုးသမီးမှာ ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခြင်းလည်း မပြုနိုင်ခဲ့ဘဲ ကားတွင်းပါ အစားအစာများကိုသာ စားသုံး၍ အသက်ရှင်နေခဲ့ရခြင်းဟုဆိုသည်။ ကားမှာလည်း ကားလမ်းမပေါ်မှ မမြင်နိုင်သော အနေအထားတွင် ရောက်ရှိနေခဲ့ခြင်းဟု သိရသည်။

ကံကောင်းထောက်မစွာ ငါးဖမ်းရန်အတွက် ရေရှိမည့်နေရာလိုက်ရှာနေသော တံငါသည်တစ်ဦးက အဆိုပါအမျိုးသမီးနှင့် ချောက်ထဲကျနေသောကားတို့အား ဇန်နဝါရီ ၇ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းက အမျိုးသမီး၏ငိုသံကို မသဲမကွဲကြားခဲ့ရာမှ ရှာဖွေကြည့်ရာတွင် ချောက်ထဲကျ တိမ်းမှောက်နေသည့် ကားအတွင်းမှ ခေါင်းပြူထွက်နေသော အမျိုးသမီးကို တွေ့ခဲ့ခြင်းဟု San Dimas Mountain ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။

ငါးဖမ်းသမား ခရစ်အေးရီးစ်က “ဒီအမျိုးသမီးအနေနဲ့ လေးညကြာအထိ ဘယ်လိုအသက်ရှင်နေလဲ။ ကျွန်တော် မစဉ်းစားတတ်တော့ဘူး။ ကားစတီယာရင်ဆိုရင်လည်း လိမ်ခေါက်ပျက်စီးနေပြီး သူမခေါင်းနဲ့လည်း ခိုက်မိထားသေးတယ်။ ဒါပေမယ့် ကားထဲမှာလှောင်ပိတ်နေတဲ့ ဒီအမျိုးသမီးက မိုးရေကို အိုးတွေနဲ့ခံထားတာတော့တွေ့ရတယ်” ဟုပြောခဲ့သည်။

အေးရီးစ်က တွေ့ရှိချိန်တွင် အမျိုးသမီး၌ အကြောင်းကြားဆက်သွယ်ရန် ဖုံးမပါရှိကြောင်းလည်း တွေ့ရသဖြင့် သူနာတင်ကားတစ်စီးကို လမ်းပေါ်မှအလံထောင်တားခဲ့သော်လည်း ရပ်တန့်မပေးခဲ့ဟုဆိုသည်။ နောက်ဆုံး လော့စ်အိန်ဂျယ်လိ ဝေဟင်မှ မီးသတ်အဖွဲ့၏အကူအညီဖြင့် ထိုအမျိုးသမီးအား ချောက်ထဲမှ ပြန်လည်မတင် ကယ်ဆယ်နိုင်ခဲ့ခြင်းဟုလည်း သိရသည်။

ကယ်ဆယ်ရေးအလုပ်သမားများက လေးညကြာချောက်၏အောက်ခြေတွင် ကျရောက်နေသော အမျိုးသမီးအားကယ်ဆယ်နိုင်ခဲ့ပြီးနောက်တွင် “တကယ်လို့များ ချောက်ထဲမှာ နောက်တစ်ညလောက်ဆက်နေခဲ့ရရင် သူ့အနေနဲ့ အသက်ရှင်နိုင်ပါအုံးမလားကျွန်တော်တို့ အတိအကျမပြောနိုင်ဘူး” ဟု ကယ်ဆယ်ရေးလုပ်ငန်းများအပြီးတွင် ရှင်းလင်းပြောကြားခဲ့သည်။

Ref——-CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News