၁၁. ၁. ၂၀၂၄
Written by Ye Kyaw

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းအား ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေပြီး ပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေအနေများရှိကြောင်း မြဝတီနယ်စပ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဖွင့်မယ်လို့ တောက်လျှောက်ပြောနေတာ။ ရက်ကတော့ ဟိုရက်၊ ဒီရက်တွေဆိုပြီး ပြောနေတော့ အတိအကျတော့ မသိသေးဘူး။ တရားဝင်တော့ မထွက်သေးဘူး။ အရင်တုန်းကလည်း အဲဒီလိုမျိုးကြားပြီးရင် ဖွင့်ပါတယ်။ အဲဒီလိုမျိုး တောက်လျှောက်ပြောပြီဆိုရင်တော့လေ ဖြစ်နိုင်ခြေများတယ်။ အခုလည်း ဖြစ်နိုင်ပါတယ်” ဟု မြဝတီနယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဒီဇင်ဘာ ၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ကာ တစ်နေကုန်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြ၀တီ-ကော့ကရိတ် ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှု ဖြစ်ခဲ့ပွားခဲ့ပြီး မဖြစ်မနေ ဖြတ်သန်းသွားရမည်ဆိုပါက KNLA နှင့် KNU မှ တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှသာ ဖြတ်သန်းသွားလာရန် သတိပေးထုတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ထို့ကော်ကိုးလမ်းပိုင်း (တောလမ်း)မှ သွားလာနေရသဖြင့် ကုန်ကားကြီးများ သွားလာ၍မရဘဲ ကုန်စည်အနည်းငယ်သာ တင်ဆောင်နိုင်သည့် ခြောက်ဘီးကားနှင့် ခရီးသည်ယာဉ်များသာ အဓိက သွားနိုင်ခြင်းဖြစ်သည့်အတွက် မြဝတီနယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက် ထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ဖွင့်လှစ်မည့်ရက်ကို အတိအကျမသိရသေးသော်လည်း ယခုဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ပုံစာ- ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ ရက်တွင် မြဝတီ-ကော့ကရိတ်လမ်း၌ ကုန်ကားများ ပိတ်မိခဲ့မှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *