၁၀. ၁. ၂၀၂၄
Written by Min Mahar

နေအိမ်၌ အမျိုးသမီးငယ်တစ်ဦးတည်းရှိနေစဉ် အမည်မသိလူငယ်တစ်ဦးမှ အခွန်ဆောင်ရန် လက်မှတ်ထိုးပေးရမည်ဟုပြော၍ တံခါးဖွင့်ခိုင်းပြီး သေနတ်ပြခြိမ်းချောက်ကာ အိမ်ထဲမှ ငွေကျပ်သိန်း ၃၀ အား အနုကြမ်းစီးလုယက်ယူဆောင်သွားမှု မန္တလေးတွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီ ၁၀ ရက်)မွန်းလွဲ ၁ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉ လမ်းနှင့် ၃၈ လမ်းထိပ်ရှိ အသက် ၇၁ နှစ်အရွယ်အမျိုးသမီးကြီးပိုင်ဆိုင်သောနေအိမ်တွင် အသက် ၂၂ နှစ်အရွယ်ခန့်ရှိသော မြေးဖြစ်သူ အမျိုးသမီးငယ် တစ်ဦးတည်းရှိနေစဥ် အသက် ၂၀ ဝန်းကျင်ခန့်ရှိသည့် အမည်မသိ အမျိုးသားလူငယ်တစ်ဦးသည် CZI 125(ဖြူနီကြားအရောင်)ဆိုင်ကယ်၏ အနောက်တွင် ဒလီဗာရီအမဲ‌ရောင်ပုံးကို တင်ထား‌သော ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အခွန်ဆောင်ရန် လက်မှတ်ထိုးပေးရမည်ဟုပြောသည့်အတွက် အမျိုးသမီးငယ်မှာ တံခါးဖွင့်ပေးလိုက်ရာ လူငယ်ကနေအိမ်အတွင်းသို့ ဝင်လာကာ သေနတ်အတို(အတုအစစ်ခွဲခြားမသိရ)အားပြ၍ ခြိမ်းချောက်ပြီး နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်းမှ ငွေကျပ်ရောရာ ကျပ်သိန်း ၃၀ အား အနုကြမ်းစီး၍ လုယက်ယူဆောင်ကာ ၆၉ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွား ကြောင်း သိရသည်။

” သမီးတစ်ယောက်တည်း အိမ်မှာရှိနေတဲ့အချိန် သမီးထက် ၂ နှစ်လောက်ငယ်မဲ့ ကောင်လေးတစ်ယောက်က အခွန်ဆောင်ရမဲ့ စာရွက်တွေ လက်မှတ်ထိုးရမယ်လို့ပြောလာတယ်။ အဲ့ဒီအချိန်သမီးက “အဖွားမရှိဘူး အပြင်သွားတယ်လို့ အဖွားလာမှ လာခဲ့ပါလို့ပြောတာကို မရဘူး ရုံးက ဒီနေ့အပြီးတင်ရမှာမို့ အမထိုးပေးလိုက်လည်းရတယ်”လို့ ပြောတော့ သမီးလည်းယုံပြီး တံခါးဖွင့်ပေးလိုက်တော့ ခါးထဲက သေနတ်အတိုကိုထုတ်ပြီး မအော်နဲ့။ အော်ရင်ပစ်လိုက်မယ် အထဲအမြန်ဝင်ပြောပြီး အိမ်အောက်ထပ်က အိပ်ခန်းထဲက ပိုက်ဆံ သိန်း ၃၀ ကိုယူပြီး ထွက်ပြေးသွားတယ်။ သူ့ပုံစံက ခန္ဓာကိုယ် ပိန်ပြီး အရပ်က ၅ ပေ ၆ လက်မလောက်ရှိမယ်။ ဆိုင်ကယ်ဦးထုပ်အစိမ်းရောင်ကိုလည်း ဆောင်ထားသေးတယ်။ ပြီးတော့ အင်္ကျီလက်ရှည်အစိမ်းရောင်နဲ့ ဘောင်းဘီရှည် အနက်ရောင်ကို ဝတ်ဆင်ထားတယ်။ လူကိုတော့ ဘာမှ အန္တရာယ်မပြုသွားပါဘူး။ သေနတ်ကတော့ အတုလား အစစ်လားတော့ သမီးလည်းမသိဘူး”ဟု လုယက်ခံရသည့် ကာယကံရှင်အမျိုးသမီးငယ်မှ MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသော နယ်မြေခံရဲတပ်ဖွဲ့များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်သွားကြောင်း သိရသည်။

#မန္တလေး #လုယက်မှု #မဟာအောင်မြေ
#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *