ဝမ်ပေါင်ကုမ္ပဏီမှ လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား PDF များ ပစ်ခတ်တိုက်ခိုက်နေမှုမြင်ကွင်းကို တွေ့ရစဥ်

၂၆. ၁၁. ၂၀၂၂
Written by Nay Moe

နွေဦးတော်လှန်ရေးစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် တရုတ်စီမံကိန်းများ၏ အနီးတစ်ဝိုက်၌ တိုက်ပွဲ ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၁၀ လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွားခဲ့ကာ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်ခဲ့သည်ဟု အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ၏ အဓိကထောက်ပံ့မှုဖြင့် လည်ပတ်နေသည့် ISP-Myanmar ၏ အလေးထားရမည့် ညွှန်းပြမြေပုံများ-အမှတ် (၈) စစ်တမ်းတွင် ဖော်ပြထားသည်။

အာဏာထိန်းသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများ အကောင်အထည်ဖော်ဖို့ စီစဥ်ထားသည့် ပြည်နယ်နှင့်တိုင်း ရှစ်ခုမှ မြို့နယ် ၄၃ ခုတွင် တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲအကြိမ်ရေ ၁၀၀ ထက်မနည်းဖြစ်ခဲ့ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ (၁၀ လအတွင်း) တိုက်ပွဲအကြိမ်ရေ ၂၀၀ ထက်မနည်း ဖြစ်လာသည်ကိုတွေရသဖြင့် တိုက်ပွဲဖြစ်မှု နှစ်ဆနီးပါး များပြားလာသည်ကို တွေ့ရသည်။

“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ရှစ်ခုက မြို့နယ်ပေါင်း ၄၃ ခုမှာ တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် (အောက်တိုဘာအထိ) ကို နှိုင်းယှဉ်တဲ့အခါ အရင်နှစ်က တိုက်ပွဲ အကြိမ်ရေ ၁၀၀ ကျော်ဖြစ်ခဲ့ရာကနေ အခုနှစ် ဆယ်လတာမှာ တိုက်ပွဲအကြိမ်ရေ ၂၀၀ ထက်မနည်း ဖြစ်လာတာကြောင့် နှစ်ဆ နီးပါး များပြားလာတာကိုတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအကြိမ်ရေ ၁၀၀ ကျော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ၁၀ လတာအတွင်းမှာတော့ တိုက်ပွဲပေါင်း ၂၀၀ ဖြစ်ခဲ့ပြီး တိုက်ပွဲတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မုံရွာ၊ ပခုက္ကူ၊ ငဖဲ၊ နွားထိုးကြီးနဲ့ ကျောက်ဆည်လို ဒေသတွေမှာ ဖြစ်ခဲ့တာပါ။ ၃၅ ရာခိုင်နှုန်းနီးပါးကတော့ ရှမ်း ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့ပါတယ်” ဟု ISP Myanmar ၏ စစ်တမ်းကဆိုသည်။

နိုင်ငံရေးမကျေလည်မှုအလွန် နောက်ဆက်တွဲ ဖြစ်လာသည့် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ၏ ပဋိပက္ခမြေပုံမှာ ယခင်ကထက် ကြီးမားကျယ်ပြန့်လာသည်။ မြန်မာနိုင်ငံအနှံ့တွင် ၂၁ လအတွင်း တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၇၈၀၀ ကျော် ရှိခဲ့သည့်အနက် အကြိမ် ၃၀၀ ထက်မနည်းမှာ တရုတ်စီမံကိန်းကြီးများ တည်ရှိသည့်နေရာနှင့် စီမံကိန်း တည်ဆောက်မည့် နေရာအနီးတဝိုက်များတွင် ဖြစ်ပွားခဲ့သည်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်ပြေးဆွဲခဲ့တဲ့ ယူနန်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း- ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အဓိက ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ ၇၅ ကြိမ် နဲ့ ၂၀၂၂ ခုနှစ်မှာ တိုက်ပွဲ ၆၈ ကြိမ် ဖြစ်ခဲ့ပါတယ်။ အဲဒီ ကုန်သွယ်ရေးလမ်းကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ကွမ်ရှီး-ရန်ကုန် ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းသစ်နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး တရုတ်နိုင်ငံဘက်က အကောင်အထည်ဖော်လိုတဲ့ တရုတ်ကုန်းတွင်းပိတ်ပြည်နယ်တွေနဲ့ ဒေသတွင်း ဆိပ်ကမ်းမြို့တွေကို ချိတ်ဆက်ပေးတဲ့ နိုင်ငံတကာကုန်းလမ်း၊ ရေလမ်းကုန်သွယ်ရေးစင်္ကြံသစ်အဖြစ် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြတ်သန်းရာ မြို့နယ် ၁၉ ခုမှာ တိုက်ပွဲ ၁၁၁ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ချင်းတွင်းမြစ်ကြောင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတည်ဆောက်မယ့် မုံရွာမြို့နယ်မှာ SAC နဲ့ ‌ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၄၈ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ရှိရာ မူဆယ်မြို့နယ်မှာလည်း SAC နဲ့ EAOs တွေအကြား တိုက်ပွဲပေါင်း ၃၂ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် လက်ပံတောင်းတောင်စီမံကိန်း တည်ရှိတဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း တိုက်ပွဲပေါင်း ၁၂ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်”ဟု ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *