အဒီးအား ထိုင်းရဲမှူးကယ်တင်နေမှု၊ ထိုင်းရဲမှူးအား ဂုဏ်ပြုနေမှုနှင့် အဒီးကို မြန်မာပြည်ပြန်ပို့ရန်ပြင်ဆင်နေမှုများကို တွေ့ရစဥ်

၂၆. ၁၁. ၂၀၂၂
Written by Thettant

ဗန်ကောက်မြို့လယ်မှ ခုန်ချရန်ပြင်ဆင်ခဲ့သည့် မြန်မာနိုင်ငံသား အဒီး ကို ကယ်တင်ခဲ့သူ ထိုင်းရဲမှူးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး အဒီး ကို မဲဆောက်မှတစ်ဆင့် နေရပ်ပြန်ပို့ရန် စီစဥ်နေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ဖြစ်စဥ်မှာ ဖားအံမြို့၊ တောင်ကလေးကျေးရွာအုပ်စုတွင် နေထိုင်သူ အဒီး (၃၆ နှစ်) သည် လူပွဲစားနှင့်အတူ ဗန်ကောက်မြို့သို့ အောက်တိုဘာလကုန်ရက်တွင် ရောက်ရှိလာပြီး လူပွဲစားမှ ရှောင်ထွက်သွားခြင်း၊ စာပေတတ်သိမှုနည်းခြင်း၊ ထိုင်းဘာသာစကား မပြောတတ်ခြင်း၊ အလုပ်ရှာဖွေမရသဖြင့် နေထိုင်စားသောက်မှု ခက်ခဲခြင်းတို့ကြောင့် စိတ်ကျရောဂါရရှိကာ နိုဝင်ဘာ ၁၃ ရက်တွင် ဗန်ကောက်မြို့၊ ဖလမ်ကောင်း (၉) လမ်းရှိ တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သည်။

အဆိုပါဖြစ်စဉ်အား သိရှိသော ဗန်ကောက်မြို့ မက္ကဆန်ရဲစခန်းမှ ရဲမှူး Narongdet Butnamphet သည် အဒီးအား ခုန်မချရန် တောင်းပန်ခြင်း၊ စည်းရုံးစကားပြောကြားခြင်းနှင့်အတူ ကယ်တင်နိုင်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှုစင်တာ (ဘန်းခင်း) ၌ Quarantine ဝင်စေခဲ့သည်။

ထို့ကြောင့် မြန်မာသံရုံး (ဗန်ကောက်) မှ တာဝန်ရှိသူများသည် ရဲမှူး Narongdet Butnamphet နှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံသားတစ်ဦးအား ကယ်တင်မှုအတွက် သံအမတ်ကြီး၏ ကျေးဇူးတင်စာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ခြင်း၊ အဒီးအား တွေ့ဆုံအားပေး၍ ခရီးစရိတ်ထောက်ပံ့ခြင်းနှင့် ပြန်ပို့ရန်စီစဉ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင် အဒီးအား နိုဝင်ဘာ ၂၅ ရက်က ညကားဖြင့် ဗန်ကောက်မှ မဲဆောက်သို့ ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက် နံနက်တွင် မဲဆောက်သို့ ရောက်ရှိကာ ဌာနေအလုပ်သမားသံအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ၎င်း၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး စီစဉ်လျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *