၂၆. ၁၁. ၂၀၂၂
Written by Pan Ei

တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် ၃၅,၁၈၃ ခု ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် ၃,၄၇၄ ဦးမှာ ရောဂါလက္ခဏာပြကာ ၃၁၇၀၉ ဦးမှာ ရောဂါလက္ခဏာမပြကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က စနေနေ့ (နိုဝင်ဘာ ၂၆) တွင် ပြောကြားခဲ့ကာ ရောဂါကူးစက်မှုမှာ ၃ရက်ဆက်တိုက် အမြင့်ဆုံးဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၂၄ရက်က နိုင်ငံအတွင်း ကူးစက်မှု အရေအတွက်သည် ၃၂,၉၄၃ ယောက် ရှိခဲ့ပြီး ရောဂါလက္ခဏာပြသူဦးရေ ၃,၁၀၃ ဦးနှင့် ရောဂါလက္ခဏာမပြသူ ဦးရေ ၂၉,၈၄၀ ဦးရှိခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်က ကူးစက်မှု အရေအတွက် ၃၁,၅၂၇ ယောက် ရှိခဲ့ကာ တရုတ်နိုင်ငံအတွင်း ကူးစက်မှု အများဆုံးဟု မှတ်တမ်းတင်ထားသော ယခုနှစ် ဧပြီ ၁၃ ရက်တွင် ကူးစက်ခံရသူဦးရေ ၂၉,၃၁၇ ယောက်ထက် ကျော်လွန်ခဲ့ပြီး ယခုအခါ ကူးစက်မှု အရေအတွက်သည် ၃ ရက်မြောက်ဆက်တိုက် စံချိန်တင် မြင့်တက်နေခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ သောကြာနေ့ (နိုဝင်ဘာ ၂၅ရက်) အထိ သေဆုံးသူဦးရေ စုစုပေါင်း ၅၂၃၂ ဦးရှိခဲ့ပြီး ရောဂါလက္ခဏာပြသူစုစုပေါင်း ၃၀၄,၀၉၃ ယောက် ရှိကြောင်း အတည်ပြုခဲ့သည်။ မေလနောက်ပိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ ၅ ဦးသာ ရှိပြီး ကိုဗစ် ကူးစက်ခံရမှုနှုန်း မြင့်မားနေသော်လည်း ယခု ရက်သတ္တပတ်အတွင်း သေဆုံးသူမရှိကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် မြို့ကြီးများ ဖြစ်သော Chongqing နှင့် Guangzhou တို့တွင်လည်း ကူးစက်မှုများ မြင့်တက်နေသောကြောင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဆက်လက်ရုန်းကန်နေရဆဲဖြစ်သည်။ လူဦးရေ ၃၂ သန်းရှိသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Chongqing မြို့တွင် သောကြာနေ့၌ ဒေသတွင်း ကူးစက်မှုအသစ် ၇၇၂၁ ခု ရှိခဲ့ပြီး ယမန်နေ့ထက် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ လူဦးရေ ၁၉ သန်းနီးပါးနေထိုင်သော Guangzhou မြို့တွင် သောကြာနေ့၌ ဒေသတွင်း ကူးစက်မှုအသစ် ၇,၄၁၉ ခုရှိခဲ့ကာ အစောပိုင်းရက်က ကူးစက်ခံရသူ ၇,၅၂၄ ယောက်ထက် အနည်းငယ်ကျဆင်းသွားခဲ့သည်။

မြို့တော်ဘေဂျင်းတွင် သောကြာနေ့၌ ဒေသတွင်းကူးစက်မှုသည် ၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂,၅၉၅ ခု ရှိခဲ့ကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များမှ စနေနေ့တွင် ထုတ်ပြန်သောကိန်းဂဏန်းများအရသိရသည်။ ထို့အတူ သောကြာနေ့တွင် Hebei၊ Sichuan၊ Shanxi နှင့် Qinghai ပြည်နယ်အားလုံးနီးပါး၌ ကိုဗစ်ရောဂါဖြစ်ပွားမှုအသစ် တစ်ထောင်ကျော် အထိ ရှိခဲ့ကြောင်း သိရသည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *