၂၆. ၁၁. ၂၀၂၂
Written By Pan Ei

EXO အဖွဲ့ဝင်ဟောင်း တရုတ်-ကနေဒါပေါ့ပ်စတား Kris Wu ကို အဓမ္မပြုကျင့်မှု အပါအဝင် အခွန်ရှောင်မှုတွေပါ ကျူးလွန်ကြောင်း တွေ့ရှိပြီးနောက်မှာ တရုတ်နိုင်ငံက ထောင်ဒဏ် ၁၃ နှစ်နဲ့ ပြည်နှင်ဒဏ် ချမှတ်တာကို ခံခဲ့ရပြီဖြစ်ပါတယ်။

Kris Wu ဟာ တောင်ကိုရီးယား ယောက်ျားလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ၂၀၁၂ ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သလို အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်နဲ့ အမျိုးအစားစုံလင်တဲ့ အနုပညာရှင်အဖြစ် တစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်းမှု စတင်ဖို့ EXO အဖွဲ့ကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ တရုတ်နိုင်ငံကို ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက EXO အဖွဲ့ဝင်ဟောင်းဖြစ်သူ Kris Wu ဟာ သူမ အသက် ၁၇ နှစ်အရွယ်မှာ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အထိန်းသိမ်းခံရချိန်မှာမှာ သူဟာ Bulgari၊ Lancome၊ Louis Vuitton နဲ့ Porsche တို့လို ကမ္ဘာကျော် အမှတ်တံဆိပ် ၁၅ ခုရဲ့ သံတမန်တစ်ဦးဖြစ်ခဲ့တဲ့ Kris Wu ဟာ ဒီကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုပါ ရပ်ဆိုင်းခံခဲ့ရပါတယ်။

Kris Wu ကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ်နှင့် ခြောက်လ ချမှတ်ခဲ့တယ်လို့ ဘေဂျင်းမြို့ Chaoyang ခရိုင်တရားရုံးက သောကြာနေ့မှာ ပြောကြားခဲ့ပြီး “အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်ဖို့ လူစုရုံးမှု ပြစ်မှုတွေအတွက် ထောင်ဒဏ် တစ်နှစ်နဲ့ ၁၀ လ ချမှတ်ခံခဲ့ရတာဖြစ်တယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Kris Wu ဟာ ပြည်တွင်းပြည်ပ ဆက်စပ်လုပ်ငန်းတွေကတစ်ဆင့် ကိုယ်ပိုင်ဝင်ငွေကို ဖုံးကွယ်ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဝင်ငွေကို လျှော့ပြကာ အခွန် ယွမ် ၉၅ သန်းကို ရှောင်တိမ်းခဲ့တာကြောင့် ယွမ်သန်း ၆၀၀ (ဒေါ်လာ ၈၃.၇၇ သန်း) ပေးဆောင်ဖို့လည်း အမိန့်ထုတ်ခဲ့ကြောင်း အခွန်ဌာနက ပြောကြားခဲ့ပါတယ်။

ထောင်ဒဏ် ၁၃ နှစ်နဲ့အတူ ပြည်နှင်ဒဏ်လည်း ပူးတွဲ ချမှတ်ခံလိုက်ရတဲ့ Kris Wu ဟာ တရုတ်နိုင်ငံ၊ ဂွမ်ဇူမြို့မှာ မွေးဖွားခဲ့ပေမယ့် ကနေဒါနိုင်ငံ ဗန်ကူဗားမြို့မှာလည်း ကြီးပြင်းလာခဲ့တာကြောင့် အမှုရလဒ်ဖတ်ကြားနေချိန်မှာ ကနေဒါသံတမန်တွေလည်း ရှိနေခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *