MT News

Written by Thettant

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်၊ ဗဟိုလမ်းရှိ TT Diamond စိန်ရွှေရတနာဆိုင် လက်ဝတ်ရတနာဆိုင်အား နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွ​င် ဓားပြတိုက်သူများက ယခုနှစ်အတွင်း ဒုတိယအကြိမ် ဝင်ရောက်လုယက်ရန် ကြိုးပမ်းခံရသော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

TT Diamond စိန်ရွှေရတနာဆိုင်အား ယခုနှစ် ဩဂုတ်၂၅ ရက်ကလည်း ဓားပြတိုက် လုယက်ခံရဖူးပြီး ထိုစဉ်က ကျပ်သိန်းရာချီ တန်ဖိုးရှိဆွဲကြိုးများ လုယက်ခံခဲ့ရပြီး ယခုအချိန်အထိ ဖမ်းဆီးရမိမှုမရှိသေးကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး News of Myanmar တယ်လီဂရန် ချန်နယ်ကမူ တိုယိုတာကားတစ်စီးဖြင့် လူငယ်သုံးဦးသည်ကားပေါ်မှဆင်းပြီး TT Diamond စိန်ရွှေရတနာဆိုင်အတွင်းဝင်ရန်ပြုလုပ်စဉ် လုံခြုံရေးဝန်ထမ်းနှစ်ဦးက တားမြစ်သဖြင့် လုယက်သူသုံးဦးအနက် တစ်ဦးက လုံခြုံရေးဝန်ထမ်း ကျော်စွာဝင်းကို ဓားဖြင့်ထိုးပြီး ကျန်တစ်ဦးက လုံခြုံရေးဝန်ထမ်းကိုကျော်ထက်အား သေနတ်ဖြင့်ပစ်ခဲ့သည့်အတွက် ကိုကျော်စွာဝင်းမှာဝဲလက်ဖျံဓားဒဏ်ရာရပြီး ကိုကျော်ထက်မှာပေါင်ရင်း ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်းနှင့် လုယက်ရန် ကြိုးစားသူသုံးဦးသည် ဆိုင်အတွင်း မဝင်တော့ဘဲ စီးလာသည့်ကားဖြင့် ဗဟိုလမ်းအတိုင်း လှိုင်မြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ TT Diamond စိန်ရွှေရတနာဆိုင်အား မကြာခဏဓားပြတိုက်ခံရသည်ဖြစ်စဥ်နှင့် ပတ်သက်ပြီး MT News က ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်အထိ တုန့်ပြန်ဖြေဆိုမှု မရှိချေ။

အဆိုပါ စိန်ဆိုင်ဓားပြတိုက်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး KISC (Kamayut Information Scout Channel) ကလည်း နေ့လယ် ၁ နာရီခွဲခန့်မှ စတင်ကာ လခရများက အနီးဝန်းကျင်ကို စစ်ဆေးနေသဖြင့် သွားလာမှုသတိပြုရန်လည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *