မြန်မာ-ရုရှား ဆွေးနွေးနေမှုကို တွေ့ရစဥ်

MT News

Written by Thettant

ရုရှားနိုင်ငံရှိ တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေးအတွက် နိုဝင်ဘာ ၂၄ ရက်က မြန်မာ-ရုရှားတာဝန်ရှိသူများ ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးမှုကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေရှင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မော်စကို နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ် (Moscow State Institute of International Relations)၊ ရုရှားပြည်သူ့ချစ်ကြည်ရေးတက္ကသိုလ် (People’s Friendship University of Russia)၊ Pushkin ပြည်နယ်ရုရှားဘာသာစကားအင်စတီကျု (The Pushkin State Russian Language Institute) စသည့် တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှု မြှင့်တင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ရုရှားပြည်သူ့ချစ်ကြည်ရေး တက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်များ၊ Pushkin ပြည်နယ်ရုရှားဘာသာစကားအင်စတီကျုမှ နိုင်ငံတကာရေးရာဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယအမှုဆောင်ဒါရိုက်တာတို့ တက်ရောက်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *