ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့် ဒလမြို့နယ်အတွင်း မြင်ကွင်းကို ပြီးခဲ့သည့်လပိုင်းက တွေ့ရစဥ်

MT News

Written by Thettant

ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်မှု များပြားလာခြင်းကြောင့် မြို့နယ်အချို့တွင် ဆိုင်ကယ်စီးနင်းမှုများ တားမြစ်ထားပြီး သတ်ဖြတ်မှုများပြားသည့်မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းမှု ဆက်လက်ပိတ်ပင်ရန်ရှိသည်ဟု သိရသည်။

“ဆိုင်ကယ်စီးလာပြီး လာပစ်သတ်၊ ဆိုင်ကယ်နဲ့ဆိုတော့ ချက်ခြင်းပျောက်သွားသလို သေနတ်တွေပါတော့ ဘေးလူတွေကမတားရဲ။ သိသိချင်းလိုက်သွားရင်တောင် အနည်းဆုံး နာရီဝက်၊ တစ်နာရီကြာတာဆိုတော့ ဆိုင်ကယ်စီးတာတွေ ကန့်သတ်ဖို့၊ ပိတ်ဖို့တင်ပြကြတော့ ဒေသအခြေအနေအလိုက် ဆုံးဖြတ်ကြတာပေါ့။ အရမ်းဆိုးတဲ့မြို့နယ်တွေ လုံးဝပိတ်ပြီး သိပ်မဆိုးတဲ့မြို့နယ်တွေကျတော့ ကန့်သတ်တာပေါ့။ ဒါတွေက ယာယီပါ။ ဒေသန္တရအမိန့်မျိုးပါပဲ။ အခြေအနေတည်ငြိမ်သွားရင် မူလအတိုင်းပြန်ဖြစ်သွားမှာပါ”ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒလမြို့နယ်အတွင်း စီးနင်းခွင့်ပိတ်ထားသကဲ့သို့ ခရမ်းမြို့နယ်တွင်လည်း နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ စီးနင်းခွင့်ပိတ်မည်ဖြစ်သည်။ ထို့အတူ ပခုက္ကူမြို့တွင်လည်း နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ ဆိုင်ကယ်စီးပါက တစ်ဦးသာစီးရန်နှင့် ည ၆ နာရီမှ မနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရန် ကန့်သတ်လိုက်သည်။ အလားတူ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူး၊ တွံတေး၊ ကျောက်တန်းစသည့်မြို့နယ်များတွင်လည်း ကန့်သတ်ပိတ်ပင်ထားပြီး မကြာမီအခြေအနေဆိုးရွားသော မြို့နယ်အချို့ကိုလည်း စိစစ်ကန့်သတ်ပိတ်ပင်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

“ဒလမှာဆိုရင် ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာ မေလကတည်းက။ ဆိုင်ကယ်စီးတာပိတ်လိုက်တော့ သုံးဘီးတို့၊ ဆိုက်ကားတို့ ပြန်စီးရတော့ အပိုကုန်တာပေါ့။ အဲဒါနဲ့ စက်ဘီးတွေဝယ်စီးတော့ အရင် ၃၊ ၄ သောင်းတန် ဂျပန်စက်ဘီးအကျတွေက တစ်စီးကို သိန်းဂဏန်းဖြစ်သွားတယ်။ စက်ဘီးနဲ့ဆိုတော့ ခရီးလည်းမတွင် အချိန်လည်းကုန်နဲ့ တော်တော်များများ အဆင်မပြေဖြစ်ကုန်တယ်”ဟု ဒလမြို့နယ်တွင် နေထိုင်သူကိုတင်ဦးက ပြောသည်။

ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီး လူတစ်ဦးသာစီးရန်နှင့် ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ် မစီးရန် နိုဝင်ဘာ ၂၄ ရက်ကစ တားမြစ်လိုက်သည်။ ဆိုင်ကယ်မစီးရန် ညွှန်ကြားချက်အရ လက်ရှိအချိန်၌ အကြမ်းဖက်သူများသည် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူများကို လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများသို့ လက်လုပ်မိုင်းများ ဖြင့် ပစ်ပေါက်ခြင်း၊ မြို့တွင်း ၌ မိုင်းထောင်ဖောက်ခွဲခြင်း၊ ဘဏ်များနှင့် စီးပွားရေးအဆောက်အဦ များသို့ ဝင်ရောက်၍ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ကျုးလွန်နေသည်။ အဆိုပါ ပြစ်မှုများအား ကျူးလွန်ဆောင်ရွက်ရာ၌ အများအားဖြင့် မော်တော်ဆိုင်ကယ် အသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရသဖြင့် အများပြည်သူလုံခြုံအေးချမ်းစေရန် ဆိုင်ကယ်စီးပါက တစ်ဦးသာစီးရန်၊ ညနေ ၆ နာရီမှ နံနက် ၈ နာရီအတွင်း မစီးရန်နှင့် ထိုတားမြစ်ချက်မှာ ရက်ပေါင်း ၆၀ ဖြစ်ပြီး လိုက်နာရန် ညွှန်ကြားထားသည်။

“အရင်က ဆိုင်ကယ်စီးရင် အမျိုးသားနှစ်ယောက်မစီးဖို့ဘဲ ကန့်သတ်တာ။ မနေ့ကတော့ ဘယ်သူစီးစီး ဆိုင်ကယ်တစ်စီး လူတစ်ယောက်ပဲစီးဖို့၊ မှတ်ပုံတင်နဲ့ လိုင်စင်ပါဖို့၊ ညနေ ၆ နာရီကနေ မနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးဖို့ တားမြစ်ချက်ဖောက်ဖျက်ရင် ဖြစ်လာမဲ့နောက်ဆက်တွဲတွေ ကိုယ့်ဘာသာတာဝန်ယူဖို့ လိုက်အော်နေတာ ကြားရတယ်”ဟု ပခုက္ကူမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဆိုင်ကယ်စီးနင်းခွင့် လုံးဝပိတ်ပင်လိုက်သည့် ခရမ်းမြို့နယ်တွင်မူ ထိုသို့ ပိတ်ပင်ရခြင်းမှာ ဆိုင်ကယ်စီး၍ ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်သွားမှု ၂၅ ကြိမ်ရှိပြီး ၂၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် ခရမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုအတွင်း ယခု နိုဝင်ဘာ ၂၆ ရက်မှ စတင်ပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်သိမ်းလိုက်ကြောင်းနှင့် စီးနင်းပါက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *