၁. ၁. ၂၀၂၄
Written by Nay Moe

နေအိမ်တွင်ရှိနေသော ရာအိမ်မှူးဇနီးမောင်နှံကို PDF များက လာရောက်ပစ်ခတ်၍ နှစ်ဦးစလုံး ပွဲချင်းပြီး​သေဆုံးမှု အုတ်ဖိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၈ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရေတာရွာသစ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးသန်းနိုင်(၅၄) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ထွေးမြင့်(၅၉)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF (အင်အားစိစစ်ဆဲ) များ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ နိုဝင်ဘာလအထိ အစိုးရဝန်ထမ်းများနှင့်၊ ရပ်ကျေးတာဝန်ရှိသူများကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ”ဆိုသည့် စွပ်စွဲချက်နှင့် PDF တို့ သတ်ဖြတ်မှု၌ ပြည်သူ ၆၈၀၀ ခန့် သေဆုံးထားပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ကျော်၊ ဆရာ၊ ဆရာမ ၈၈ ဦး၊ ကျောင်းသားကျောင်းသူနှင့် ကလေးငယ် ၂၃၀ ကျော် သတ်ဖြတ်ခံထားရသည့်အပြင် ကျောင်းနှင့် ပညာရေးဆိုင်ရာအဆောက်အအုံ ၈၀၀ ခန့်ကိုလည်း PDF များ ဗုံးခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ထားသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *