၁. ၁. ၂၀၂၄
Written by Hey Mar
နှစ်သစ်ကူးညမှာ လူငယ်သုံးဦး လိုက်ပါမောင်းနှင်လာတဲ့ ကားက ရပ်ထားတဲ့ ၁၂ ဘီးယာဉ်ကို အနောက်ကနေ ဝင်တိုက်တာကြောင့် လူငယ်တစ်ဦး ကွယ်လွန်ခဲ့တဲ့ဖြစ်စဉ် နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်ဟာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဒိုးပင်ခုံလမ်းဆုံမှာ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ဘီးကားကို အိမ်စီးယာဉ်က နောက်ကနေ မတော်တဆတိုက်မိရာက ကားထဲမှာ သုံးဦးပိတ်မိနေခဲ့ပြီး အဆိုပါ သုံးဦးအနက် ယာဘက် ယာဉ်မောင်းဘေး ထိုင်ခုံမှ လိုက်ပါစီးနင်းတဲ့ အမျိုးသားလူငယ်က ကားထဲမှာ ညပ်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံပရဟိတ အသင်းတစ်သင်းကနေ သိရပါတယ်။
“ညပ်နေတဲ့ ယာဥ်မောင်းသူနဲ့ ပိတ်မိနေတဲ့ အနောက်ခန်းက လိုက်ပါလာသူလူနာနှစ်ဦးကိုတော့ အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ ယာဉ်မောင်းဘေး ထိုင်ခုံက လူငယ်ကတော့ တိုက်မိတာ သူ့ဘက်အခြမ်းမို့ နေရာတင်ကွယ်လွန်ပါတယ်။ ကွယ်လွန်သူလူငယ်က ခေတ်အေးကျေးရွာကလို့ သိရတယ်”လို့ MT News ကို ပြောပါတယ်။
ဒဏ်ရာရှိသူတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို နေပြည်တော် ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀)ဆီ ကရုဏာရှင်လူမှုကူညီရေးအသင်းက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။