၃၁. ၁၂. ၂၀၂၃

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကျုံးအရှေ့တောင်ထောင့် ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် နှစ်သစ်ကို ကြိုဆိုကြမည့်အနေဖြင့် ကျင်းပနေသည့် (New Year Festival)နှစ်သစ်ကူးပွဲတော်ကို ယနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှ စတင်ကာ ၁၂ နာရီကျော်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုတီးခတ်ဖျော်ဖြေခြင်းများ၊ Countdown ရေတွက်ခြင်းနှင့်အတူ နှစ်သစ်ကူးချိန်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုကြမည် ဖြစ်ပြီး ထောင်နှင့်ချီသော ပြည်သူများ ပါဝင်ဆင်နွှဲနေသည်။

“ကျွန်တော်တို့ သူငယ်ချင်းအုပ်စုက ညနေ ၆ နာရီကျော်ထဲက ပွဲထဲကို ရောက်လာကြတာ။ ဒီလို စတိတ်စင်နဲ့ စတိတ်ရှိုးပွဲကို သင်္ကြန်ပွဲတော်ကတည်းက မကြည့်ရတော့တာပါ။ နှစ်ဟောင်းမှာ ဖြစ်ခဲ့တဲ့ မကောင်းတာတွေအကုန် ဒီမှာထားခဲ့ပြီးတော့ နှစ်သစ်ကို စိတ်သစ် ကိုယ်သစ်နဲ့ ပျော်ရွှင်စွာကြိုဆိုကာ ဖြတ်သန်းသွားချင်လို့ ရောက်လာကြတာပါ။ တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့သမျှတွေ အမောတွေကို လုံးဝ မေ့ပစ်လိုက်ရအောင် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲသွားကြမယ်” ဟု ပွဲတော်သို့ လာရောက်ဆင်နွှဲသည့် မြို့နေလူငယ်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ပွဲတော်ကျင်းပရာနေရာအနီးတွင်လည်း လုံခြုံရေးများ အထူးတင်းကြပ်လျှက်ရှိပြီး တစ်မြို့လုံးနီးပါး လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *