၃၁. ၁၂. ၂၀၂၃

Written by Nay Moe

ကော်သူးလေးတပ်မတော်(KTLA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘဝါးဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဆေးရုံမှာ တက်ရောက်ကုသမှုခံယူရင်း ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီခန့်က သေဆုံးသွားခဲ့ပြီး ဒီနေ့မှာတော့ သူ့ကို အသုဘချခဲ့ပါပြီ။

ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါးဟာ ဒီဇင်ဘာ တတိယအပတ်အတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ရွှေမြစန္ဒီရွာမှာ ကရင်ဒုံးယိမ်းအက ကြည့်နေချိန် လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ချင်းမိုင်မှာ သွားရောက်ဆေးကုမှုခံချိန် သေဆုံးခဲ့တာလို့ လက်နက်ကိုင်အဖွဲ့အစည်းသတင်းရင်းမြစ်တွေက ပြောပေမဲ့ KTLA ဘက်ကတော့ လူကြီးရောဂါနဲ့ကွယ်လွန်တယ်လို့ပဲဆိုပါတယ်။

ဒုဗိုလ်ချုပ်ကြီးစောဘဝါးဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်က မြဝတီခရိုင်၊ ဝေါ်လေဒေသမှာ လမ်းလုပ်သား အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး KNDO စစ်ဦးစီးချုပ် တာဝန်ယူခဲ့​သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့အတူ KNDO က ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာ KNDO က ထုတ်ပယ်ခံသူတို့ နှစ်ဦးက ကော်သူးလေးတပ်မတော်(KTLA)ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ဖွဲ့စည်းခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြက တာဝန်ယူခဲ့သလို ဒုစစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးက တာဝန်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ ကော်သူးလေးအစိုးရကို ဖွဲ့စည်းချိန်မှာလည်း သမ္မတအဖြစ် ဗိုလ်ချုပ်ကြီးစောနယ်ဒါးမြ၊ ဒုသမ္မတအဖြစ် ဒုဗိုလ်ချုပ်ကြီး စောဘဝါးနဲ့ စောဆာဂေးဖိုးတို့က တာဝန်ယူခဲ့ပါတယ်။

ပုံစာ – ဒုဗိုလ်ချုပ်ကြီးစောဘဝါး အသုဘကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *