၃၀. ၁၂. ၂၀၂၃
Written By Thandar

အဆိုတော် G Fatt က သူရဲ့ ပရိသတ်တွေကို လွမ်းဆွတ်သတိရတဲ့အမှတ်တရပွဲ တစ်ခုအနေနဲ့ “ဆောင်းခိုငှက်” နာမည်နဲ့ ပရိသတ်တွေ့ဆုံပွဲ Private Fan Meeting ကို မနက်ဖြန် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီမှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

“ကျွန်တော် ဒီပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ လွမ်းလို့ပါ ခင်ဗျာ။ မတွေ့ရတာ နှစ်တွေ ကြာပြီ မဟုတ်လား။ ဒီပွဲဟာ Show ပွဲလည်း မဟုတ်ပါဘူး၊။ အဲ့ဒီတော့ ကခုန်ပျော်ပါးကြတာထက် နွေးနွေးထွေးထွေး စကားလေးတွေ ပြောလို့ ဆုံကြ၊ တွေ့ကြ အမှတ်တရ တစ်ခု အတူတူ ဖန်တီးကြချင်ရုံပါဘဲ။ ဒီအမှတ်တရကို တစ်ဘဝလုံး သိမ်းထားချင်မိပေါ့။ ပွဲကို လူဦးရေအကန့်အသတ်နဲ့ လုပ်ရခြင်းကိုတော့ နားလည်ပေးကြစေလိုပါတယ်။ ဆိုတော့ လွမ်းသမျှ ရင်နဲ့ အမျှပေါ့ဗျာ။ ချစ်ရတဲ့လူတွေကို ပြန်တွေ့ရမှာမို့ ပျော်ပါတယ်”လို့ အဆိုတော် G Fattက ပြောပါတယ်။

အဆိုပါ ပရိသတ်နဲ့တွေ့ဆုံပွဲကိုတော့ မနက်ဖြန် ညနေ ၄ နာရီကနေ ၆ နာရီအထိ ကျင်းပမှာဖြစ်ပြီး အဆိုတော် G Fatt ရဲ့ တေးသီချင်းသီဆိုမှုတွေနဲ့အတူ ပန်းချီ၊ ကဗျာ၊ ဓာတ်ပုံတွေအပြင် ငြိမ့်ညောင်းလှတဲ့ တေးသီချင်း ဖျော်ဖြေမှုကိုပါ တပါတည်း တင်ဆက်သွားမှာလည်း ဖြစ်ပါတယ်။

“မထင်မှတ်ထားလောက်အောင် Register အများကြီး လုပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ Fan Meeting ပွဲကို လူအရေအတွက် ကန့်သတ်လုပ်ရတာဖြစ်လို့ အကုန်လုံးကို မဖိတ်ခေါ်နိုင်တာကိုလည်း နားလည် ပေးစေလိုပါတယ်”လို့ သူကဆက်ပြောပါတယ်။

G Fatt ဘဝရဲ့ အမှတ်တရ ပွဲတစ်ခုနေနဲ့ ဖန်တီးသွားမယ့် ဆောင်းခိုငှက် Private Fan Meeting မှာ ပါဝင်လိုသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ပရိသတ်တွေကို Registration Form ဖြည့်သွင်းခဲ့သူတွေထဲ ပရိသတ် အယောက် ၁၅၀ ကိုသာ ရွေးချယ်ကာ ပွဲတက်ရောက်ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *