၃၀. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာ့တပ်မတော်သား အနည်းဆုံး ၈၃ ဦးက ဒီဇင်ဘာ ၂၉ ရက်တွင် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်လျက် အိန္ဒိယနိုင်ငံဘက်ခြမ်း မီဇိုရမ်ပြည်နယ်အတွင်းသို့ ရောက်ရှိလာခဲ့ကြကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်သားများမှာ မီဇိုရမ်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံး လွမ်လိုင်ခရိုင်အတွင်းမှ တူဆန်လန်ရှာလေးသို့ ဒီဇင်ဘာ ၂၉ ရက်တွင် ဝင်ရောက်လာကြကာ အနီးရှိ ပါဗာရွာမှနယ်ခြားစောင့် အာသံရိုင်ဖယ်တပ်ရင်းသို့ ၎င်းတို့၏ လက်နက်များကိုပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်သားများ၏ တပ်စခန်းကို PDF လက်နက်ကိုင်များနှင့် ချင်းလက်နက်တပ်ဖွဲ့များဖြစ်သည့် CDF နှင့် CNF ပူးပေါင်းတပ်ဖွဲ့များက အလုံး အရင်းနှင့် ဒီဇင်ဘာ ၂၈ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းတို့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း သို့ဆုတ်ခွာလာကြခြင်းဟုလည်း ရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

လွမ်လိုင်ခရိုင် ရဲအရာရှိများက မြန်မာ့တပ်မတော်သားများဝင်ရောက်လာမှုကို အာသံရိုင်ဖယ်တပ်ရင်းသို့ အကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့ကို ပါဗာရွာသို့ ခေါ်ဆောင်သွားကြကာ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးရေး ဆောင်ရွက်နေကြောင်းသိရသည်။

‌မြန်မာနိုင်ငံဘက်၌ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏တိုက်ပွဲများအတွင်း ၄၀၄ ကီလိုမီတာရှည်သည့် မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကာ အိနွိယနိုင်ငံဘက်ခြမ်းသို့ဆုတ်ခွာရောက်ရှိလာသော မြန်မာ့တပ်မတော်သားများမှာ နိုဝင်ဘာ ၁၃ ရက်မှစ၍ ၁၈၇ ဦးအထိရှိခဲ့ပြီဖြစ်ကြောင်းလည်း သတင်းများအရ သိရပြီး ယခင်ရောက်ရှိလာသူများကိုမူ မြန်မာနိုင်ငံသို့ ပြန်လည်ပို့​ဆောင်ခဲ့ပြီးဖြစ်သည်။

Ref–UNI

Leave a Reply

Your email address will not be published. Required fields are marked *