လက်ရှိ ရွှေဈေးအတက်အကျသည် ကမ္ဘာ့‌ရွှေဈေးပြောင်းလဲမှုပေါ်၌သာ မူတည်ဟု ပြော

၃၀. ၁၂. ၂၀၂၃
Written by Ye Kyaw

ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအား မထိန်းချုပ်တော့ကြောင်း ကြေညာပြီးနောက် ပြည်တွင်းရွှေဈေးအား ဒေါ်လာဈေးနှုန်းကို တစ်ခုတည်း သတ်မှတ်ခြင်းကြောင့် ရည်ညွှန်းရွှေဈေးနှုန်းနှင့် ပြင်ပရောင်းချသည့် ရွှေဈေးနှုန်းများ တစ်ပြေးညီဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

AD လိုင်စင်ရ ဘဏ်များအား နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၆ ရက်မှစတင်၍ ရွှေဈေးနှုန်းသတ်မှတ်ရာတွင် AD လိုင်စင်ရဘဏ်များက သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ သတ်မှတ်ခြင်းဖြစ်သည်။

“AD ဘဏ်တွေရဲ့ သတ်မှတ်တဲ့ဈေးနဲ့ အခုကတွက်တာ။ အရင်က ၂၁၀၀ နဲ့ တွက်တာ။ သူတို့က AD လိုင်စင်ရဘဏ်များဈေးနဲ့ တွက်ပါဆိုလို့ အဲဒီဈေးနဲ့တွက်တာ။ AD ဘဏ်များဈေးကတော့ နေ့စဉ် UAB ဘဏ်ကနေပြီးတော့ ထုတ်ပြန်တယ်။ သူတို့ကလည်း ရွှေရောင်းတယ်။ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေကို ဖြေလျှော့ပေးပြီးနောက်မှာ အခုဈေးကွက်ပေါက်ဈေးနဲ့ပဲ တွက်ချက်တယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။

ပြည်တွင်း၌ ငွေလဲလှယ်နှုန်းအား ယခင်ကဲ့သို့ ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် တွက်ချက်စရာ မလိုတော့ဘဲ ဈေးကွက်ပေါက်ဈေးတစ်ခုတည်းပေါ်တွင် တွက်ချက်ရခြင်းကြောင့် ပြည်တွင်း‌ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျပေါ်မှာသာ မူတည်တော့ကြောင်း သိရသည်။

“မြန်မာ့ရွှေဈေးကွက်က အခု ကမ္ဘာ့ရွှေဈေးကွက် အတက်အကျ တစ်ခုကိုပဲ ကြည့်ရတော့မှာ။ ဒေါ်လာဈေးကလည်း တစ်ခုတည်းဖြစ်သွားပြီ။ ကမ္ဘာ့‌ရွှေဈေးနဲ့ ပြည်တွင်း ငွေလဲလှယ်နှုန်းနဲ့ တွက်လိုက်ရုံပဲ အရင်လို နှစ်ခု၊ သုံးခု တွက်စရာမလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၂၀၈၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်တွင်း‌ရွှေဈေးသည် ပြင်ပဈေးကွက်တွင် ကျပ် ၃,၇၃၀,၀၀၀ ဖြစ်ပေါ်ခဲ့ပြီး YGEA သတ်မှတ်ရည်ညွှန်းဈေး ကျပ် ၃,၇၆၂,၅၀၀ အထိ ဖြစ်ပေါ်ခဲ့၍ ပြင်ပပေါက်ဈေးထက် ကျပ် ၃၀,၀၀၀ ကျော် ဈေးနှုန်းမြှင့် သတ်မှတ်ခဲ့သည်။

ကမ္ဘာ့‌ရွှေဈေး တစ်အောင်စကို ၂၀၆၃ ဒေါ်လာသို့ ပြန်လည်ကျဆင်းလာသည့် ဒီဇင်ဘာ ၃၀ ရက် (ယနေ့)တွင် ပြည်တွင်း‌ရွှေဈေးသည် ပြင်ပဈေးကွက်တွင် ကျပ် ၃,၇၀၅,၀၀၀ ဖြစ်ပေါ်ခဲ့ပြီး YGEA သတ်မှတ်ရည်ညွှန်းဈေး ကျပ် ၃,၆၈၅,၈၀၀ အထိ ဖြစ်ပေါ်ခဲ့၍ ပြင်ပပေါက်ဈေးထက် ကျပ် ၂၀,၀၀၀ နီးပါး ဈေးနှုန်းလျော့ကျခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *