၂၅. ၁၂. ၂၀၂၃
Written by Phyo Wei

ဆန်တင်ပို့မှုလျော့ကျနေတဲ့အပြင် ပြည်ပကိုမရောင်းဘဲ ပြည်တွင်းစားသုံးတဲ့ ပေါ်ဆန်းဆန်ဟာ စျေးကွက်ထဲမှာ နှစ်နစ်လောက်အတွင်း ရာခိုင်နှုန်း ၂၀၀ လောက်စျေးမြင့်တက် ရည်ညွှန်းစျေးထက် ၆၀ ရာခိုင်နှုန်းလောက်မြင့်တက်နေတာကို ထိန်းညှိဖို့ အရန်ဆန်တွေ ထုတ်ရောင်းတာ၊ အရေးယူတာမျိုးလုပ်နိုင်ဖို့ ဆန်အသင်းချုပ်ကကြိုးစားမယ်လို့ ပြောလာချိန်မှာပဲ အရေးယူဖို့က အစိုးရမပါဘဲ မဖြစ်နိုင်တာကို သွားပြီးမြင်ရပါတယ်။ အစိုးရက ဆန်ကိုအရေးကြီးကုန်စည်လို့သတ်မှတ်ပြီး ဒီကုန်ပစ္စည်းအပေါ် ဝိသမလောဘနဲ့ စျေးတင်စျေးကစားတာတွေ ထိန်းကျောင်းမှ အစိုးရနဲ့ ဆန်အသင်းချုပ်ပူးပေါင်းမှ ဆန်ပိုနိုင်ငံတစ်ခုက အဆမတန်မြင့်တက်နေတဲ့ဆန်စျေးကို ထိန်းကျောင်းနိုင်မဲ့အခြေအနေကို တွေ့မြင်ရပေမဲ့ ဆန်စျေးအဆမတန်ကြီးမြင့်မှုဖြေရှင်းရေးတိတိပပမမြင်ရသေးတဲ့ ဒီရက်သတ္တပတ်မှာ လယ်ယာမြေ ဆယ်ဧကအထက်ပိုင်သူတွေကို တစ်ဧကကျပ်လေးသိန်းထုတ်ချေးပေးမှုက လေးရက်နဲ့ ဘီလျံ ၂၀ ဖိုးလောက်အထိ လျှောက်ခဲ့တာကို တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ပြည်တွင်းစက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ပြည်တွင်းရေနံချက်စက်ရုံတွေ အမြန်ဆုံးပြန်လည်ပတ်ဖို့ ကြိုးစားပါလို့ တိုက်တွန်းလာမှုတွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ကုန်သည်စက်မှုအသင်းချုပ်ကို NUG က ခြိမ်းခြောက်တဲ့အကြောင်း၊ အ​ဖြေရှာနေရဆဲ စက်သုံးဆီအကျပ်အတည်းအကြောင်းနဲ့ မြန်မာနိုင်ငံက အိမ်ထောင်စုတွေ စားနပ်ရိက္ခာဖူလုံမှုမရှိတော့ဘဲ အာဟာရမပြည့်ဝမှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

◾NUG ရဲ့ ခြိမ်းခြောက်မှုခံရတဲ့ UMFCCI

ပြည်တွင်းက အဖွဲ့အစည်းတွေ ဖျက်သိမ်း၊ အစိုးရဝန်ထမ်းတွေထုတ်ပယ်၊ ဒီလိုလုပ်ဆောင်တာမလိုက်နာရင် လက်နက်ကိုင်အဖွဲ့အစည်း PDF နဲ့ ဖမ်းဆီးသတ်ဖြတ်ခိုင်းနေတဲ့ NUG က ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ကို ဖျက်သိမ်းပြီး ဆက်လုပ်မယ်ဆို အရေးယူမယ်လို့ ခြိမ်းခြောက်စာထုတ်လာပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းစုအားလုံးရဲ့ ခေါင်းကိုင်ဖခင်လို့လည်းပြောနိုင်ပြီး ပြည်တွင်းက စီးပွားရေးအသင်းအဖွဲ့တွေအားလုံးလိုလိုဟာ ကုန်သည်စက်မှုအသင်းချုပ်အောက်မှာ ရှိနေကြတာ ဖြစ်သလို ရွေးကောက်ပွဲမသမာမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ၊ အဂတိမှုတွေနဲ့ ဖြုတ်ချခံရတဲ့ NLD အစိုးရဟောင်းအပါအဝင် အစိုးရတိုင်းနဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေလာတဲ့ နိုင်ငံတော်အဆင့် စီးပွားရေးအဖွဲ့အစည်းပါ။ ဒီလိုမျိုး စီးပွားရေးအဖွဲ့အစည်းတစ်ခုကို ဖျက်သိမ်းပြီး အရေးယူမယ်ခြိမ်းခြောက်လိုက်တာဟာ မြန်မာပြည်က လုပ်ငန်းရှင်အားလုံးကို NUG နဲ့ PDF ကို ကလန်ကဆန်လုပ်တာနဲ့ ရှင်းပစ်လိုက်လို့ အချက်ပြတဲ့သဘောမျိုးပါပဲ။ ဒီလိုမျိုး ခြိမ်းခြောက်တဲ့လုပ်ရပ်တွေဟာ Shadow Government ဒါမှမဟုတ် စင်​ပြိုင်အစိုးရ ဒါမှမဟုတ် နိုင်ငံတကာအသိအမှတ်ပြုခံရဖို့ ကြိုးစားနေတယ်ဆိုတဲ့အဖွဲ့အစည်းတွေ မလုပ်အပ်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီလိုမျိုး ခြိမ်းခြောက်သတ်ဖြတ်တာတွေကြောင့် ကမ္ဘာ့အလယ်လူဝင်မဆံ့ဘဲ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလာနေတာကို အခုအချိန်အထိ မမြင်နိုင်ဘဲ ငါတကောကောနေတာကလည်း အံ့ဩစရာအကြမ်းဖက်အတွေးပဲလို့ ပြောရမှာပါ။

◾အဖြေရှာနေဆဲ စက်သုံးဆီအကျပ်အတည်း

စက်သုံးဆီကို ပို့ကုန်ရငွေနဲ့ တိုက်ရိုက်ဝယ်ယူဖို့ သဘောတူညီမှုရပေမဲ့လည်း ဒေါ်လာဈေးနှုန်း ညှိနှိုင်းမရသေးတာကြောင့် လက်ရှိမှာတော့ စက်သုံးဆီဟာ ပြတ်မသွားဖို့ကျားကန်နေရတဲ့အခြေအနေဖြစ်နေရပြီး တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုသလို တန်းစီဝယ်ယူနေရတာ မကြာမကြာပြန်ဖြစ်လာနေတာ တွေ့ရပါတယ်။

“စက်သုံးဆီက နိုင်ငံတော်က သတ်မှတ်ပေးချင်တာ ၃၃၅၀၊ အပြင်မှာ လိုချင်တဲ့သူတွေကတော့ Exporter သမားတွေလိုချင်တာက ၃၄၀၀ ကျော်ပေါ့ဗျာ။ နည်းနည်းဟနေတော့ အရောင်းအဝယ်မဖြစ်ဘူးပေါ့။ အဲဒါကြောင့် နိုင်ငံတော်က ထုတ်ရောင်းပေးတယ်။ အဲဒီလို ပိုက်ဆံလိုသလောက်ပေါ့ သူတို့ထုတ်ပေးမယ်။ သွင်းတဲ့သူကလည်းသွင်း။ အဓိကတော့ ဆီမပြတ်ရေးကိုတော့ ဦးစားပေးပြီး ဆောင်ရွက်မယ်ဆိုပြီးတော့ ပြောတာပေါ့” လို့ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ဒေါ်လာစျေးနှုန်းညှိမရသေးတာ၊ ပို့ကုန်ရငွေနဲ့ တင်သွင်းဖို့အတွက်အချိန်တစ်ခုပြန်ပေးရမယ့်အခြေအနေမှာ ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀ လောက်နဲ့ ကျားကန်ထုတ်ရောင်းပေးထားတာတောင် ဆီစျေးကွက်မှာ ဒေါ်လာအကျပ်အတည်းနဲ့အတူ စက်သုံးဆီအကျပ်အတည်းပါဖြစ်လာနေတာကို မြင်ရပါတယ်။

အခြား စစ်ဖြစ်နေတဲ့ဒေသတွေမှာဆိုရင် စက်သုံးဆီဟာ တစ်လီတာကို ၁၅၀၀၀ အထက် ဝယ်ယူနေရချိန်မှာ စစ်ကိုမဖိတ်ခေါ်ဘဲ အေးချမ်းတဲ့ဒေသတွေကတော့ တစ်လီတာ ၂၆၀၀ လောက်ပေါက်စျေးထက် စျေးအနည်းငယ်မြင့်တာ အချိန်ပေးတန်းစီရတာကလွဲရင် လုံးဝပြတ်တောက်မှုမရှိတာက တော်သေးတယ်ပြောရမှာပါ။ စက်သုံးဆီအကျပ်အတည်းဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက ပိတ်ဆို့မှုတွေ၊ ကောလာဟလသံထွက်တိုင်း ဒေါ်လာစျေးဆွဲတင်တာတွေ၊ အစိုးရအဆက်ဆက် တရုတ်ပိုက်လိုင်းက ရေနံစိမ်းရယူပြီး ပြည်တွင်းမှာ ချက်လုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့တာတွေနဲ့ မလိုအပ်ဘဲ ဆီတန်းစီ၊ အမြတ်တင်ပြန်ရောင်းစားတာတွေကိုပဲ ထောက်ပြရမှာပါ။ သေချာတာကတော့ စက်သုံးဆီအကျပ်အတည်းက နှစ်လလောက်အချိန်ယူဖြေရှင်းရမဲ့သဘောမှာရှိပြီး ပိတ်ဆို့မှုကို ထောက်ခံနေရင်တော့ ပိုအချိန်ကြာမှာဖြစ်သလို ဒီအကျပ်အတည်းမှာ အထိနာမှာကလည်း ပြည်သူဆိုတာပါပဲ။

◾စားနပ်ရိက္ခာဖူလုံမှုမရှိတဲ့ မြန်မာ့အိမ်ထောင်စုများ အခက်အခဲ

မြန်မာနိုင်ငံက အိမ်ထောင်စုရာခိုင်နှုန်း အတော်များများဟာ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အာဟာရပြည့်ဝမှုယိုယွင်းလာတာကို ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ Myanmar: Compounding Food Security Challenges အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ၊ အစားအစာရရှိနိုင်မှုနဲ့ ဝယ်ယူသုံးစွဲနိုင်မှုကျဆင်းတာတွေ၊ ကုန်စည်ပို့ဆောင်ရေး အခက်အခဲတွေနဲ့ ကုန်စည်ပြတ်လပ်မှုကြောင့် အခြေခံစားသောက်ကုန်တွေ ရရှိနိုင်မှုအခက်အခဲ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံခဲ့ပါတယ်။ ဒီလို စိန်ခေါ်မှုတွေသာမက ကုန်ဈေးနှုန်း ကြီးမြင့်လာတာနဲ့ လယ်ယာက ဝင်ငွေကျဆင်းလာတာကြောင့် အစားအသောက် ကုန်ကျ စရိတ်ခြိုးခြံချွေတာရတာ၊ အကြိမ်ရေ လျှော့စားရတာအပါအဝင် အမျိုးမျိုးသော ဖြေရှင်းမှုတွေလုပ်ဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျပ်အတည်းကို မဆိုင်တဲ့ စီးပွားရေးပိတ်ဆိုမှုနဲ့ ဖြေရှင်းလာတာကြောင့် တာဝန်သိကမ္ဘာ့လုပ်ငန်းကြီးတွေ နုတ်ထွက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာ၊ စိုက်ပျိုးမြေက မိုင်းကွင်းဖြစ်၊ ပြည်တွင်းပြည်ပခရီးသွားပျောက်၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဖြတ်တောက်၊ ကောလာဟလအသံကြားတိုင်း ကုန်စျေးနှုန်းဆွဲတင်၊ ရာဇဝတ်မှုအလွန်အကျွံဖြစ်နေတဲ့ နိုင်ငံမျိုးမှာ ကိုဗစ်ကြောင့် နာလန်မထူနိုင်သေးတဲ့ပြည်သူတွေ မသေရုံတမယ်၊ မငတ်ရုံတမယ်အကျပ်အတည်းနဲ့ အာဟာရပြည့်အောင်မစားနိုင်တော့ဘူးဆိုတာကလည်း မဆန်းဘူးလို့ပြောရမှာပါ။ ဒီလိုမျိုး အစားအစာမလုံလောက်၊ အာဟာရပြည့်ဝအောင် မစားနိုင်တဲ့အခြေအနေကလည်း အကြမ်းဖက်မှုတွေထောက်ခံပြီး ဘယ်တော့မှပြီးဆုံးမယ်မသိတဲ့ စစ်ပွဲကို ထောက်ခံနေသရွေ့လည်း လွတ်မြောက်မှာမဟုတ်ဘူးလို့ဘဲ တင်ပြရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News