၂၅. ၁၂. ၂၀၂၃
Written by Nay Moe

ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော် ပညာသင်ယူနေသည့် အထက်တန်းကျောင်းကို ဆက်မဖွင့်နိုင်ရန် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ CDM ဝင်ရမည်ဖြစ်ကြောင်း၊ မဝင်ပါကဖြစ်လာမည့်အကျိုးဆက်ကို တာဝန်မယူကြောင်း Mandalay People Rescue PDF အဖွဲ့က ခြိမ်းခြောက်ထားသည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအပြင်ဘက်ဆိုင်းဘုတ်၌ ကျောင်းသုံး ဗလာစာရွက်ဖြင့် “Mandalay People Rescue MDY CDF သတိပေးခေါင်းစဉ်ဖြင့် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအားလုံး CDM ဝင်ပေးကြရန် နောက်ဆုံးအကြိမ်သတိပေးအပ်ပါသည်။ မလိုက်နာပါက နောင်ဖြစ်လာမည့်အကျိုးဆက်များမှာ လုံးဝကောင်းမွန်နိုင်မည်မဟုတ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ Cham Min၊ အဖွဲ့တာဝန်ခံ Htet Aung” ဟု ရေးသားထားသည့် ခြိမ်းခြောက်စာအား ကပ်ထားပြီး ၎င်းစာခြောက်စောင်အားလည်း ကျောင်းဝင်ပေါက်အနီး လမ်းပေါ်၌ ချထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်း၌ ဆရာ၊ ဆရာမ ၃၈ ဦးမှ ကျောင်းသူ၊ ကျောင်းသား ၇၂၂ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရပြီး Mandalay People Rescue ၏ Page တွင်လည်း အဖွဲ့တာဝန်ခံထက်အောင်က Mission နှစ်ခုလုပ်ထားကြောင်း၊ မန္တလေးမြို့တွင်းလုပ်ဆောင်ခြင်းမဟုတ်၍ ချမပြကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ နိုဝင်ဘာလအထိ အစိုးရဝန်ထမ်းများနှင့်၊ ရပ်ကျေးတာဝန်ရှိသူများကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ”ဆိုသည့် စွပ်စွဲချက်နှင့် PDF တို့ သတ်ဖြတ်မှု၌ ပြည်သူ ၆၈၀၀ ခန့် သေဆုံးထားပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ကျော်၊ ဆရာ၊ ဆရာမ ၈၈ ဦး၊ ကျောင်းသားကျောင်းသူနှင့် ကလေးငယ် ၂၃၀ ကျော် သတ်ဖြတ်ခံထားရသည့်အပြင် ကျောင်းနှင့် ပညာရေးဆိုင်ရာအဆောက်အအုံ ၈၀၀ ခန့်ကိုလည်း PDF များ ဗုံးခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ထားသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *