၁၂.၁၂.၂၀၁၃
Translated by Htwe Ko Tun

တူရကီနိုင်ငံမှာ Ankaragucu ကလပ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဖာရတ်ကိုကာက ဒီဇင်ဘာ ၁၁ ရက်ညက Super Lig ပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်မှာ Rizespor အသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီးတဲ့နောက် ပွဲအ‌ပြီးမှာ မကျေမနပ်ဖြစ်ကာ ဒိုင်လူကြီး ယူမွတ် မီလာရဲ့မျက်နှာကို လက်သီးနဲ့ထိုးတဲ့အထိဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

တူရကီနိုင်ငံရဲ့ ဘောလုံးလောကအတွက်လည်း ရှက်ဖို့ကောင်းလှတဲ့ ဒီအပြုအမူကြောင့် တူရကီဘောလုံး အဖွဲ့ချုပ်(TFF) က နိုင်ငံရဲ့အားလုံးသော လိဂ်ပြိုင်ပွဲတွေရဲ့ ပွဲစဉ်တွေကို ဆိုင်းငံ့ခဲ့ပါတယ်။

ဒီဖြစ်ရပ်က Ankaragucu ကလပ်အသင်းနဲ့ Rizespor ကလပ်အသင်းတို့ Eryaman အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြအပြီး ဖြစ်ခဲ့ရတာပါ။ ပွဲမှာ Ankaragucu အသင်းက တစ်ဂိုး ဂိုးမရှိနဲ့နိုင်နေရာက Rizespor အသင်းက ချေပဂိုးသွင်းယူနိုင်ခဲ့တဲ့ ၉၇ မိနစ်ကို ကျော်မှ ပွဲသိမ်းခရာကို ဒိုင်လူကြီးက မှုတ်ခဲ့ပါတယ်။

ဒီမှာ Ankaragucu အသင်းရဲ့ ဥက္ကဋ္ဌ ကိုကာက ပွဲအပြီးမှာ ကွင်းထဲဝင်လာခဲ့ပြီး ဒိုင်လူကြီး မီလာ့မျက်နှာကိုလက်သီးနဲ့ထိုးခဲ့တာပါပဲ။ Ankaragucu အသင်းရဲ့ ပရိသတ်တွေကလည်း ကွင်းထဲဝင်ရောက်လာကြကာ လက်သီးအထိုးခံရလို့လဲကျနေတဲ့ မီလာ့ကို ထပ်မံကန်ကျောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို မီလာ့ကို ကိုယ်ထိလက်ရောက်ရန်ပြုသူတွေကိုတော့ မည်သူမည်ဝါခွဲမသိနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ ကွင်းထဲလဲကျနေတဲ့ မီလာဟာ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ အဝတ်လဲခန်းကိုခေါ်သွားခဲ့ရပါတယ်။

ဒီမှာ တူရကီဘောလုံးအဖွဲ့ချုပ်ကတော့ တူရကီနိုင်ငံအတွင်း လိဂ်ပြိုင်ပွဲတွေအားလုံးရဲ့ ပွဲစဉ်တွေကို အကန့်အသတ်မရှိရပ်ဆိုင်းတယ်လို့ တွစ်တာလူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ နိုင်ငံရဲ့ဘောလုံးလောကကို ရှက်ဖွယ်ကောင်းစေခဲ့တဲ့ ဒီအပြုအမူကြောင့် Ankaragucu အသင်းဥက္ကဋ္ဌ၊ ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ ဒိုင်လူကြီး မီလာကို ကိုယ်ထိလက်ရောက်တိုက်ခိုက်တယ်လို့ တွေ့ရှိရသူမှန်သမျှကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်ကာလတွေချမှတ်သွားမယ်လို့ဆိုခဲ့ပါတယ်။ ကိုကာကိုလည်း ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တူရကီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမီမက် ဘူယူကက်ဆီကလည်း “တူရကီ ဘောလုံးလောက ကတော့ ဒီရှက်ဖွယ်ကောင်းလှတဲ့ ဖြစ်ရပ်ကြောင့် အရှိုက်ကိုလက်သီးနဲ့ထိုးခံလိုက်ရသလိုပါပဲ။ ဒီကိစ္စမှာ ပါဝင်သူအားလုံးတော့ အရေးယူရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

တူရကီနိုင်ငံမှာ ဘောလုံးပွဲဒိုင်လူကြီးတွေကို သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကလပ်အသင်း ဥက္ကဋ္ဌတွေနဲ့ မန်နေဂျာတွေက ဝေဖန်မှုတွေရှိခဲ့ဖူးသော်လည်း ခုလို ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုမျိုးတော့ ကြုံရလေ့မရှိဘူးလို့ သိရပါတယ်။

Ref——–Reuters

Leave a Reply

Your email address will not be published. Required fields are marked *