၁၂.၁၂.၂၀၂၃
Written By Thandar

ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ Mister Friendship International 2024 Cultural Show ပြိုင်ပွဲကြီးမှာ Mister Phu Pha Man Winner ဆုကို မြန်မာကိုယ်စားပြု အလှမောင် ကောင်းစစ်က ရရှိခဲ့ပါတယ်။

“မနေ့က ထိုင်းနိုင်ငံ Phu Pha Man မြို့မှာ ကျင်းပခဲ့တဲ့ Mister Phu Pha Man ပွဲမှာ Mister Pha Phu Man Winner ဆုကိုရရှိခဲ့ပါတယ်။ ဆုရတဲ့ ခံစားချက်က မနေ့က Talent ကိုပဲအာရုံစိုက်နေတော့ Winner ရမယ်လို့လည်း မမှန်းထားခဲ့ဘူး။ ရမယ်လို့လည်းမထင်ခဲ့ဘူးဗျ။ မြန်မာလို့ကြေညာလိုက်တော့ တကယ်အံ့အားသင့်ခဲ့ရတယ်။ အရမ်းလည်းပျော်ပါတယ်”လို့ မြန်မာကိုယ်စားပြု အလှမောင် ကောင်းစစ်က MTNews Entertainment ကိုပြောပါတယ်။

သူဟာ ဒီဇင်ဘာ ၅ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်အထိ ထိုင်းနိုင်ငံ ခွန်ကန်မြို့မှာ Mister Friendship International 2023 ပြိုင်ပွဲကြီးကို ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန် စတဲ့ နိုင်ငံတကာက အလှမောင်တွေနဲ့အတူ အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ Mister Friendship International 2023 Grand Final ပြိုင်ပွဲကြီးကို မနက်ဖြန် ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေခင်းပိုင်းမှာ ဆက်လက်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

“Mister Friendship Scholarship အတွက် နာရီတွေကို လေလံတင် ရောင်းချရာမှာလည်း စျေးအမြင့်ဆုံးကိုရရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ Talent အတွက် ရုပ်သေးအက တင်ဆက်ရာမှာလည်း ပရိသတ်တွေနဲ့ သူငယ်ချင်းတွေအကုန်လုံးရဲ့ စိတ်ဝင် စားမှုရရှိခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ အကအတွက် ကြိုးစားပန်းစားနဲ့ သင်ပြပေးတဲ့ ဆရာညီညီဇော်ကိုလည်းကျေးဇူးတင်ဦးခိုက်ပါတယ်ဆရာ။ အရမ်းပျော်တယ်ဗျာ။ မနက်ဖြန် Final Show ကျရင်လည်း အားပေးဖို့ မမေ့ပါနဲ့ဦးဗျ။ ခွန်အားတွေ ပေးကြပါဦးနော်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *