၁၂. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က ဒီနေ့ (ဒီဇင်ဘာလ ၁၂ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် ပြိုပျက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူဆိုတဲ့ခေါင်းစဉ်ကို ပြန်လည်ရရှိနေပြီလို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြနေတာဖြစ်ပြီး အရင်က အကြီးဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ တားမြစ်ချက်ကြောင့် နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ UNODC က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တရားမဝင် ဘိန်းစိုက်ပျိုးတဲ့ ခန့်မှန်းခြေ မြေပမာဏဟာ ၁၈ ရာခိုင်နှုန်းဖြစ်တဲ့ ၄၇,၁၀၀ ဟက်တာ (၁၁၆,၄၀၀ ဧက) အထိ တိုးလာတယ်လို့ UNODC ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၃ နှစ်ဆက်တိုက် တိုးလာပြီးနောက် ၂၀၁၃ ခုနှစ်က ဟက်တာ ၅၈၀၀၀ နီးပါး (၁၄၃၃၀၀ ဧကနီးပါး) စိုက်ပျိုးခဲ့တဲ့ သမိုင်းဝင် အထွတ်အထိပ်ကို ပြန်မရောက်သေးပေမဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတွေက ပိုမို ကျယ်ပြန့်လာပြီး အထွက်နှုန်းကလည်း ပိုမိုများပြားလာတယ်” လို့ UNODC က ဖော်ပြခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဘိန်းထုတ်လုပ်မှု တိုးလာခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာအငြင်းပွားမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှု ပြတ်တောက်မှုတွေက ဝေးလံခေါင်သီတဲ့ ဒေသတွေက လယ်သမားတွေကို အသက်မွေးဝမ်းကျောင်းပြုဖို့ရာ ဘိန်းစိုက်ပျိုးဖို့ တွန်းပို့ခဲ့တာဖြစ်တယ်လို့ UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်း အဓိက စိုက်ပျိုးတဲ့ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်ဟာ မကြာသေးမီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာကာ ပဋိပက္ခတွေ တိုးလာခြင်းနဲ့ ရင်ဆိုင်ခဲ့ရသလို ရှမ်းပြည်နယ်ဟာ တစ်နိုင်ငံလုံးဘိန်းစိုက်ဧရိယာရဲ့ ၈၈ ရာခိုင်နှုန်းရှိပြီး တစ်ဟက်တာကို ဘိန်းအထွက်နှုန်း ၁၉ ဒသမ ၈ ကီလိုဂရမ်ကနေ အခုနှစ်မှာ ၂၉ ဒသမ ၄ ကီလိုဂရမ်အထိ မြင့်တက်လာတယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှမှာ ဘိန်းစိုက်ပျိုးမှုတွေဟာ ဆင်းရဲမွဲတေမှု၊ အစိုးရ၀န်ဆောင်မှုနည်းပါးမှု၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု၊ မတည်ငြိမ်မှု၊ မလုံခြုံမှုတို့နဲ့ နီးကပ်စွာဆက်စပ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref; abc news, The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *