၁၁. ၁၂. ၂၀၂၃
Written by Phyo Wei

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နေရာအနှံ့ကတိုက်ပွဲတွေနဲ့ လက်နက်ကိုင်တွေရဲ့ လမ်းတံတားတွေ ဖောက်ခွဲ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တောက်တာကြောင့် နိုင်ငံ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ နေအိမ်ရှိပါလျက် ဖျက်ဆီးတိုက်ခိုက်နေကြမှုတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်ရင်း ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွေကိုလည်း ရင်စည်းခံနေရပါတယ်။

အခြားတစ်ဖက်မှာလည်း ရုရှားပို့ကုန်စင်တာဟာ မြန်မာနိုင်ငံမှာ စီးပွားရေးမစ်ရှင်ဆောင်ရွက်ခဲ့တာ၊ အထည်ချုပ်ပို့ကုန်တွေကို အော်ဒါမှာယူမှုများနေတာကြောင့် စက်ပစ္စည်းနဲ့ ကုန်ကြမ်းတွေတင်သွင်းရင် အမြန်ဆောင်ရွက်ပေးမယ်လို့ ပြောလာတာတွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကို ချေးငှားသူဖြစ်စေခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်းအကြောင်း၊ နိုင်ငံရေးနဲ့ စစ်ပွဲတွေကြောင့် မြှုပ်နှံဖို့ဆိုင်းငံ့နေတဲ့ ထိုင်းလုပ်ငန်းရှင်တွေအကြောင်းနဲ့ စောင့်ကြည့်ရမဲ့ ဒေါ်လာဖြေလျှော့မှုတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။

◾ အသေးစားလုပ်ငန်းရှင်တွေကို ချေးငှားသူဖြစ်စေခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအငြင်းပွားမှုတွေနဲ့ တိုက်ပွဲတွေက ဒေသခံစီးပွားရေးသမားတွေအတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေဖြစ်စေခဲ့ပြီး အဓိကအနေနဲ့ အသေးစားလုပ်ငန်းရှင်တွေကို ငွေကြေးချေးငှားသူတွေဖြစ်စေဖို တွန်းပို့ခဲ့တယ်လို့ Myanmar Information Management Unit က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၂၃၇၂ ဦးကို စစ်တမ်းကောက်ခဲ့မှုအရ လယ်သမားတွေဟာ လယ်သမားမဟုတ်သူတွေထက် အတိုးနဲ့ငွေပိုချေးနေရသလို လယ်သမားမဟုတ်သူတွေကလည်း အလွတ်သဘောငွေချေးနေရပြီး ပြန်ဆပ်နိုင်ဖို့ ရုန်းကန်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ အသေးစားလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေက သူတို့လုပ်ငန်း ရှင်သန်ကြီးထွားဖို့လိုအပ်တဲ့ အရင်းအမြစ်တွေ လက်ခံရရှိနိုင်ဖို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ရှိစေခဲ့တာတွေက အိမ်ထောင်စုတွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ခက်ခဲမှုတွေ ပိုမိုဖြစ်လာစေခဲ့တယ်လို့ MIMU က ပြောခဲ့ပါတယ်။

စစ်ပွဲတွေကြောင့် ကုန်ကြမ်းထုတ်လုပ်မှုလျော့ကျနေတာ၊ ဆက်ကြေးတွေနဲ့ စက်သုံးဆီကြောင့် သယ်ယူကုန်ကျ စရိတ်မြင့်တက်နေတာ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေဖျက်ဆီးလို့ မီးမမှန်တာကြောင့် ကုန်စည်ထုတ်လုပ်မှုမှာ စက်သုံးဆီကုန်ကျစရိတ်တက်လာတာ၊ အလုပ်မလုပ်နိုင်ဘဲ စစ်ပြေးနေရတဲ့ပြည်သူက နိုင်ငံ့လူဦးရေ ၁၀ ရာခိုင်နှုန်းလောက်ဖြစ်လာပြီး ပြည်သူ့ဝယ်ယူစားသုံးနိုင်မှုလျော့ကျလာတာ၊ ပုံမှန်အလုပ်လုပ်ကိုင်မှုကို ထိခိုက်ပျက်စီးစေတဲ့ ဆန္ဒပြမှုတွေ၊ ကောလာဟလတွေ မကြာခဏထုတ်လွှင့်နေတာတွေက ပြည်သူတွေရဲ့ ပုံမှန်လူနေမှုဘ၀ကို ထိခိုက်စေခဲ့သလို အသေးစားလုပ်ငန်းရှင်တွေအတွက်မှာလည်း ချေးငှားသူဘဝရောက်စေခဲ့တာပါ။ ဒီအခြေအနေဆိုးတွေဟာလည်း အကြမ်းဖက်အားပေးပြီး အလုံးစုံပျက်သုဉ်းရေးကို ဆက်ထောက်ခံနေသရွေ့တော့ အမြဲမပြတ်ကြုံနေရမှာ အသေအချာပါ။

◾ နိုင်ငံရေးနဲ့ စစ်ပွဲတွေကြောင့် မြှုပ်နှံဖို့ ဆိုင်းငံ့နေတဲ့ ထိုင်း

ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာ့နိုင်ငံရေးကျပ်တည်းနေချိန်မှာတောင် ရင်းနှီးမြှုပ်နှံမှုပြုနေပေမဲ့ ၁၀၂၇ စစ် ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးနဲ့ NUG ကြွေးကြော်ထားသလို ၂၀၂၃ ဟာ အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်ဆိုတဲ့ ပြောစကားတွေ ပြောဖတ်တင်တာပဲ မဖြစ်ရအောင် တိုက်ခိုက်မှုအရှိန်မြှင့်လာတဲ့ ဒီလပိုင်းအတွင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကိုင်ဖို့ ဆိုင်းငံ့ထားမယ်လို့ ထိုင်း- မြန်မာစီးပွားရေးကောင်စီ (TMBC) က ပြောလာတာ တွေ့ရပါတယ်။ ဒ့ါအပြင် TMBC ၏ဥက္ကဋ္ဌ Krit Ungwitunsathit ကလည်း လက်ရှိအခြေအနေမှာ ကုန်သွယ်ရေးအဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ရခိုင်အရေးအခင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ ကျဆင်းနေတာဟာ ၇ နှစ်လောက်ရှိလာနေပြီဖြစ်ပြီး လက်ရှိအချိန်မှာလည်း နွေဦးတော်လှန်ရေးကြောင့် FDI တွေ မဝင်သလောက်ဖြစ်နေတာ သုံးနှစ်လောက်ရှိနေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ Risk ယူပြီး မြှုပ်နှံရဲတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ စင်ကာပူကနေ တစ်ဆင့်ခံလာတဲ့ လုပ်ငန်းတွေကိုပဲ အားပြုနေရတဲ့အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ K Bank တို့ PTT တို့ SCB တို့လို ထိုင်းဘတ်ဘီလျံပေါင်းများစွာ မြှုပ်နှံနိုင်တဲ့လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ တုံ့ဆိုင်းနေရခြင်းဟာ အလုံးစုံ ပျက်သုဉ်းလိုသူတွေအတွက်တော့ ပျော်စရာဖြစ်ပေမဲ့လည်း ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုများများလာမှ တိုးတက်အဆင်ပြေမဲ့ နိုင်ငံနဲ့ပြည်သူအတွက်တော့ စိတ်ပျက်စရာသတင်းဆိုးလို့ပဲ ပြောရမှာပါ။

◾ စောင့်ကြည့်ရမဲ့ ဒေါ်လာဖြေလျှော့မှု

ပို့ကုန်လုပ်ငန်းရှင်တွေကို အရင်တုန်းက ဒေါ်လာ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်စျေးနဲ့ ရောင်းချရမှုကနေ အခုတော့ ၃၅ ရာခိုင်နှုန်းပဲ ရောင်းဖို့ ဖြေလျှော့လိုက်သလို ဘဏ်တွေကိုလည်း ငွေလဲနှုန်းကို နှုန်းရှင် (Free Float) ဖွင့်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒီလိုမျိုးဖြေလျှော့မှုနောက်မှာတော့ စက်သုံးဆီကို လုပ်ငန်းရှင်တွေအတွက် ရောင်းမပေးတော့တာမျိုး ဒေါ်လာကို စိုက်ထုတ်မပေးတော့တာမျိုးတွေပါ မြင်ခဲ့ရတာကြောင့် ပြည်တွင်းမှာ စက်သုံးဆီအကျပ်အတည်း ပေါ်လာခဲ့တာ တွေ့ရသလို တစ်ဖက်ကမ်းပြိုချိန်တိုင်း တစ်ဖက်သောင်ထွန်းဆိုသလို ဆီတန်းစီပြီး ဝင်ငွေရှာတဲ့ပြည်သူတွေလည်း ထွက်ပေါ် လာတာကို တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ဒီလိုဖြေလျှော့မှုနဲ့ ဒေါ်လာအကျပ်အတည်းကြောင့် ငွေကြေးစျေးကစားပြီး ပြည်သူတွေ အုံကြွစေလိုသူတွေက ဒေါ်လာကို ၄၀၀၀၊ ၅၀၀၀ ဆွဲတင်မယ်လို့ လေသံတွေပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒေါ်လာဟာ ၁၀ ရာခိုင်နှုန်းနဲ့အောက်ပဲ အတက်အဆင်းရှိနေတာကို မြင်ရပြီး ရွှေစျေးကလည်း ထူးထူးခြားခြားဆောင့်တက်လာတာမျိုးမမြင်ရဘဲ ၁၀ ရာခိုင်နှုန်းဝန်းကျင်မှာပဲ အတက်အဆင်းရှိနေတာကို တွေ့ရပါတယ်။ ပြည်သူနဲ့ နိုင်ငံကျပ်တည်းမှ ဆူပူအုံကြွမှ ရည်မှန်းချက်အောင်မြင်မဲ့ ဖျက်ဆီးရေးသမားတွေဟာ ကိစ္စတစ်ခုခုကြုံတိုင်း ဒေါ်လာတွေ၊ ရွှေတွေ၊ ကုန်စျေးနှုန်းတွေ မြင့်တက်အောင် ကောလာဟလတွေ ဖန်တီးခဲ့တာကို ဒီသုံးနှစ်အတွင်းမှာ မကြာခဏတွေ့ရပါတယ်။ ဒီလိုမျိုး ကောလာဟလ ဖန်တီးတိုင်းလည်း ငွေရှိသူတွေက ပိုချမ်းသာ၊ ပြည်သူနဲ့ နိုင်ငံက ပိုနာသွားတာကလွဲရင် ဘာမှလည်း ဖြစ်လာတာမဟုတ်ဘူးဆိုတာကိုလည်း မြင်ခဲ့ရပါတယ်။ သေချာတာကတော့ လူထုရဲ့ အကြောက်တရားကို ကောလာဟလနဲ့ ဖိအားပေးပြီး လူတစ်စုကောင်းစား ရေးကို အလုံးစုံပျက်သုဉ်းစေချင်သူတွေ ဘာကြောင့် ခဏခဏ လုပ်ပေးနေကြတာလဲ တွေးချိန်တန်ပြီဖြစ်သလို ကောလာဟလတွေကို အယုံမလွယ်ဖို့လည်း လိုအပ်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *