၁၁. ၁၂. ၂၀၂၃

Written by Phyo Wei

နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမည်ခံပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေကို ထောက်ပို့လုပ်ပေးနေတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတချို့ကို နိုင်ငံကူးလက်မှတ်တွေ ပြန်ရုတ်သိမ်းခဲ့တဲ့ ဒီတစ်ပတ်မှာပဲ တရုတ်နိုင်ငံကလည်း ကျားဖြန့်ကို စဉ်ဆက်မပြတ်နှိမ်နင်းမှုအဖြစ် ကိုးကန့်မှာနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်စောက်ချိန်တို့သားအဖအပါအဝင် ၁၀ ယောက်ကို ဖမ်း၀ရမ်းထုတ်လိုက်တော့ ကရင်နဲ့ PDF လက်နက်ကိုင်တွေက ကော့ကရိတ်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး မြ၀တီကို ပြည်မနဲ့ ဖြတ်တောက်ဖို့လုပ်ဆောင်နေတာဟာ KNU ခေါင်းဆောင်တွေ မြှုပ်နှံထားတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်တွေအတွက် တပ်လှန့်သံဖြစ်လာမလား တွေးဆစရာလည်း ပေါ်လာပါတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ ထက်ဝက်ကို NUG ဩဇာခံ PDF တွေက ကျုးလွန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ မှာ ထုတ်ပြန်ခံရတဲ့ NUG ဟာ ကျောက်မျက်လုပ်ငန်းရှင် ၄၃ ဦးကို အရေးယူမယ်လို့ နာမည်တပ်ထုတ်ပြန်လာမှုတွေ ရှိခဲ့သလို NUG တို့ မြို့သိမ်းတိုက်ပွဲတွေရဲ့ အဓိကအင်အား မြောက်ပိုင်းသုံးဖွဲ့ဟာ SAC နဲ့ညှိနှိုင်းတွေ့ဆုံလို့ တော်လှန်ရေးအနိုင်က မြောင်းထဲကျပြီပြောရမဲ့ဖြစ်စဥ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ရွေးကောက်ပွဲလုပ်ဖို့ နှိုးဆော်လာတဲ့ အိန္ဒိယနိုင်ငံအကြောင်း၊ လူပေါင်း ၁၅၀၀၀ ကျော် သတ်ဖြတ်ခံရတဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးအစဖြစ်စဉ်တွေအကြောင်းနဲ့ အကြမ်းဖက်သမားလို့ ကမ္ဘာသိဖြစ်သွားရင် ရပ်တည်မရနိုင်တော့တဲ့ PDF တွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။

◾ ရွေးကောက်ပွဲလုပ်ဖို့ နှိုးဆော်လာတဲ့ အိန္ဒိယ

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲလိမ်ညာမှုတွေကြောင့် ပြဿနာပေါင်းစုံ ဖြစ်ပွားခဲ့ရပြီးနောက် ပိုင်း တပ်မ‌တော်က နိုင်ငံ့အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာထိန်းသိမ်းခဲ့လို့ သုံးနှစ် နီးပါးကြာလာချိန်မှာ မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းမိတ်ဆွေနိုင်ငံလို့ ပြောရမယ့် အိန္ဒိယနိုင်ငံက နစက အစိုးရရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းမှုကို ထောက်ခံအားပေးသွားမှာဖြစ်သလို၊ မြန်မာအစိုးရအနေနဲ့လည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ အိန္ဒိယအစိုးရက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗီနေး ကွာထရာနဲ့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့ ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေ နယူးဒေလီမြို့မှာ ဒီဇင်ဘာလ ၆ ရက်ကတွေ့ဆုံဆွေးနွေးကြရာမှာ ပြောကြားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လက်ရှိ အရှိန်မြှင့်ဖြစ်ပွားလာတဲ့ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားရခြင်းရဲ့ နောက်ခံသမိုင်းကိုလည်း အိန္ဒိယအစိုးရအနေနဲ့ ဆန့်ကျင်ပါတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်၊ အမေရိကန်၊ ရုရှား စတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေချိန်မှာ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းကို အစဉ်တစိုက်ကြိုးစားပေးနေတဲ့ နိုင်ငံတစ်ခုဖြစ်သလို လက်ရှိအခြေအနေရဲ့ မျှခြေကို စဉ်းစားမယ်ဆိုရင်လည်း ငါတို့နိုင်မှာဆိုတဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ မြန်မာ့မြို့တွေရဲ့ ၂ ရာခိုင်နှုန်းလောက်နဲ့တင် မီးစာကုန်ဆီခမ်းနေပြီလို့ ပြောရမှာပါ။ အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာမှာလည်း ဘယ်ဘက်ကမှ နိုင်ခြေမရှိဘူးလို့ ပြောထားပြီးသားပါ။ ဘယ်ဘက်ကမှ နိုင်ခြေမရှိတဲ့ ပွဲမှာ ဇာတ်မျောကြီးဖြစ်ပြီး မြို့တစ်မြို့လောက်အလစ်သိမ်းလိုက်၊ ငါတို့နိုင်ပြီအော်လိုက်နဲ့ နိုင်ငံနဲ့ပြည်သူက အနှစ် ၂၀ လောက် ဒုက္ခရောက်နေမှာထက်စာရင် လာမဲ့တစ်နှစ်လောက်မှာ ရွေးကောက်ပွဲလုပ်၊ ကမ္ဘာကအသိအမှတ်ပြုတဲ့ အစိုးရတစ်ရပ်တက်လာပြီး နိုင်ငံရေးအကျပ်အတည်းကို လွှတ်တော်တွင်းမှာ ပြန်ဖြေရှင်းတာက အချိန်တိုနဲ့ နိုင်ငံပြန်လည်ထူမစေနိုင်မှာပါ။ အခုတော့ ​မြောက်ပိုင်းသုံးဖွဲ့ကလည်း SAC နဲ့ ညှိနေလို့ မြို့သိမ်းတိုက်ပွဲတွေက ကျရှုံးရပ်တန့်နေပါပြီ။ ဒီလိုအခြေအနေမှာ တော်လှန်ရေးကနိုင်မှာ စိတ်ကူးယဥ်ပြီး အပြန်အလှန်သတ်ပွဲတွေကို ဆက်ထောက်ခံ မအောင်မြင်နိုင်တဲ့ တိုက်ပွဲတွေကို စောင့်မျှော်အားပေးနေဦးမယ်ဆိုရင်တော့ မကြာခင်မှာ ထီးချိုင့်တို့၊ လွိုင်ကော်တို့လို ပျက်သုဉ်းရမယ့်မြို့ဟာ ကိုယ်နေတဲ့မြို့ဖြစ်လာနိုင်သလို မြို့ပျက်အောက် စတေးရမှာကလည်း ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကလွဲရင် ဘာမှမရှိပါဘူးလို့ဘဲ သတိပေးရမှာပါ။

◾ လူပေါင်း ၁၅၀၀၀ ကျော် သတ်ဖြတ်ခံရတဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးအစ

မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်အတွင်းမှာ လူသတ်ဖြတ်ခံရမှုတွေ မြင့်တက်လာခဲ့ပြီး လူပေါင်း ၁၅၀၀၀ ကျော် အသတ်ခံခဲ့ရတယ်လို ကုလသမဂ္ဂအဖွဲစည်းတစ်ခုဖြစ်တဲ့ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုများလေ့လာချက်စစ်တမ်းမှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာနဲ့အတူ လူမူနိုင်ငံရေးအခက်ခဲတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ၊ စီးပွားရေးမလုံခြုံတာ၊ တရားဥပဒေစိုးမိုးမှု ရပ်တန့်သွားရတာနဲ့ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် သတ်ဖြတ်မှုနှုန်းတွေ မြင့်တက်လာခဲ့တာဖြစ်တယ်လို သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲစည်းတွေ ရှိနေတာက နိုင်ငံမတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာစေတဲ့ အဓိကအကြောင်းအရင်းဖြစ်နေတဲ့အပြင် စစ်လက်နက်ပစ္စည်းတွေရရှိမှု တိုးမြင့်လာတာက မြန်မာနိုင်ငံမှာ သတ်ဖြတ်မှုနှုန်းမြင့်တက်လာစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်စေခဲ့တယ်လို UNODC က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် UNODC က ဒီလူပေါင်း ၁၅၀၀၀ လောက် သတ်ဖြတ်ခံရမှုကို တရားခံတွေအဖြစ်လည်း PDF နဲ့ EAOs တွေလို့ သုံးသပ်ခဲဲ့တာ တွေ့ရပါတယ်။ သူတို့သုံးသပ်မှုအရ PDF နဲ့ EAOs လက်နက်ကိုင်အဖွဲတွေ ကိုယ်တိုင်က စစ်တပ်သတင်းပေးအဖြစ် သံသယရှိသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို သတ်ဖြတ်ခဲ့တယ်လို့ သူတို့ ကိုယ်တိုင် ဝန်ခံပြောဆိုထားပြီး ဖြစ်တယ်လို့ လူသတ်မှုကျုးလွန်ခဲ့သူတွေကို တစ်ပါတည်းဖော်ထုတ်ခဲ့တာကို တွေ့ရပါတယ်။

◾ အကြမ်းဖက်သမားဖြစ်သွားရင် ရပ်တည်မရနိုင်တော့တဲ့ PDF

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း PDF ၊ CDF နဲ့ KNDF လက်နက်ကိုင်အဖွဲ့တွေဟာ အကြမ်း ဖက်တိုက်ခိုက်မှုကို အများဆုံးကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန US Department of State Bureau of Counterterrorism က ထုတ်ပြန်တဲ့ Annex of Statistical Information – Country Reports on Terrorism 2022 မှာ ဖော်ပြခဲ့မှုအရ PDF တွေကို ကမ္ဘာက ဒီလိုမျိုး အကြမ်းဖက် သမားတွေအဖြစ်သာ သတ်မှတ်လိုက်ပြီဆိုရင် ဆက်ရပ်တည်လို့ မရနိုင်တော့ဘူးလို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ဒါက အင်တာနေရှင်နယ်အသိအမှတ်ပြုတဲ့ အကြမ်းဖက်ဖြစ်သွားရင် ရပ်တည်လို့မရတော့ဘူး။ ဒီ Report က မင်းတို့ အကြမ်းဖက်ဖြစ်သွားပြီဆိုတာ တစ်ပုံစံတည်း သက် ရောက်နေမလားဆိုတော့ မှန်တာပေါ့။ သူက ထောက်ပြတာရှိပြီးတော့ အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်မသတ်မှတ်သေးဘူးဆိုတော့ နုနယ်သေးတယ်။သို့သော် စဉ်းစားစရာဖြစ်လာတာပေါ့။ အဲဒါက စဉ်းစားစရာဖြစ်လာတယ်ဆိုတော့ အခြေအနေမကောင်းဘူးပေါ့။ ရှင်းရှင်းပြောရင်တော့ တွေ့ဆုံဆွေးနွေးမှရမယ်ဆိုတဲ့ဟာကို ပိတ်ပြီးတော့ငြင်းနေရင်။ ငါတို့နိုင်နေပြီ ဘာလို့ဆွေးနွေးမှာလဲဆိုတဲ့ အဲဒီအယူအဆကလွဲနေတာ။ အဲဒီလိုပြောရင် လူတွေအများကြီးထပ်သေဖို့ပဲရှိတယ်”လို့ ခွန်ဥက္ကာကသုံးသပ်ပြောလာပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၁၃ဝ ဦး သေဆုံးခဲ့သလို အကြမ်းဖက်တိုက်ခိုက်မှုအားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းကျော်(အကြမ်းဖက်တိုက်ခိုက်မှု ၁၉၈ ကြိမ်) ကို PDF လက်နက်ကိုင်အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။ PDF တွေ နောက်မှာတော့ ချင်းလက်နက်ကိုင်အဖွဲ့က ၇ ရာခိုင်နှုန်း (အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၉ ကြိမ်)၊ ကရင်နီလက်နက်ကိုင်အဖွဲ (KNDF) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ၂၇ ကြိမ်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီနေရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ကုလသမဂ္ဂရဲ့ UNODC တို့ဟာ တစ်ချိန်က PDF တွေရဲ့ တိုက်ခိုက်မှုတွေကို မသိကျိုးကျွံပြုနေခဲ့ပြီး နစက အစိုးရက PDF တွေက ဒီလိုရာဇဝတ်မှုတွေ ကျုးလွန်ထားပါတယ်လို့ ပြောလာရင်တောင် သူတို့က ထည့်သွင်းဖော်ပြခဲ့တာမဟုတ်ဘဲ SAC အစိုးရကိုပဲ တစ်ဖက်သတ်အပုပ်ချနေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂ ကိုယ်တိုင်ကိုက အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကို PDF တွေက အများဆုံးလုပ်ကိုင်နေပါတယ်လို့ ထုတ်ပြလာတာဟာ အိန္ဒိယနိုင်ငံသွားချင်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးအရွေ့ကို သွားချင်တာလား။ ဒါမှမဟုတ် PDF တွေက အကြမ်းဖက်ဖြစ်နေပြီ။ NUG ကိုလည်း အသိအမှတ်မပြုနဲ့တော့။ အကြမ်းဖက် PDF တွေကို ကမ္ဘာကလည်း ဝိုင်းပြီးမလှုနဲ့တော့လို့ အချက်ပေးချင်တာလား တွေးဆစရာ များပြားပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *