၁၁. ၁၂. ၂၀၂၃
Written by Ye Kyaw

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်တွင်း၌ ရောင်းချသင့်သည့် သင့်တင့်မျှတသော ဆန်‌ဈေးနှုန်း (Reasonable Market Price) များထုတ်ပြန်ခဲ့ပြီး ‌ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ ထက်ကျော်၍ မရောင်းရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် မိုးစပါးမှ ထွက်ရှိသော ဆန်များအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၏ အသင်းဝင်များ၊ ပြည်ပတင်ပို့သည့် Exporter များ၊ ဆန်စပါးကုမ္မဏီများမှ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းသတ်မှတ်ချက်အရ ၁၀၈ ပေါင် တစ်တင်းခွဲအိတ်ကို အခြေခံသတ်မှတ်ပေးထားပြီး ဧည့်မထအုပ်စုဆန်များအတွက် ၂၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၀,၀၀၀ မှ ကျပ် ၆၂,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၂,၀၀၀ မှ ကျပ် ၆၄,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၄,၀၀၀ မှ ကျပ် ၆၈,၀၀၀ သတ်မှတ်ခဲ့ပြီး နိုဝင်ဘာလထက် ကျပ် ၂,၀၀၀ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းသည်။

ဧရာမင်း၊ ဧရာပဒေသာ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၉၀,၀၀၀ မှ ကျပ် ၉၅,၀၀၀ သတ်မှတ်ခဲ့သည်။ ဧရာဝတီပေါ်ဆန်းအတွက် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၈၀,၀၀၀ မှ ကျပ် ၉၀,၀၀၀ သတ်မှတ်ခဲ့ပြီး ဧရာဝတီပေါ်ဆန်းသည် နိုဝင်ဘာလထက် ကျပ် ၅၀၀၀ ကျော် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ရက် ၉၀/ ပခန်း/အညာသား/ အထူးဧည့်မထဆန်အုပ်စုများ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၈,၀၀၀ မှ ၇၂,၀၀၀ သတ်မှတ်ခဲ့သည်။

နိုဝင်ဘာလတွင် ထုတ်ပြန်သည့် ဈေးနှုန်းများတွင် မပါဝင်ခဲ့သည့် ‌ရွှေဘိုပေါ်ဆန်းအတွက် ဒီဇင်ဘာလတွင် တစ်အိတ်ကို ကျပ် ၉၀,၀၀၀ မှ ကျပ် ၉၅,၀၀၀ အတွင်း ရောင်းချရန် သတ်မှတ်ခဲ့သည်။ သို့သော် တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ အထိဖြစ်ပေါ်နေသည့် လူလက်တန်းစားများ အဓိက စားသုံးနေသည့် ကြားပျံရှယ် (တောင်ပျံ)ဆန် ဈေးနှုန်းများ ပါဝင်လာခြင်းမရှိသေးကြောင်း သိရသည်။

ဆန်ဈေးနှုန်း တွက်ချက်ရာတွင် စိုက်ပျိုးသူ ‌တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြစ်စေရန် ထည့်သွင်းစဉ်းစားမှု၊ ယခင်နှစ် ဈေးနှုန်းများ၊ နိုင်ငံတကာ ဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်စည်ဈေးများနှင့် ချင့်ချိန်ဆက်စပ်တွက်ချက်ကာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများသည် လက်လီလက်ကားဈေးကွက်အတွင်း ရောင်းချမှုများအတွက် ဈေးနှုန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ကွာဟနိုင်ပြီး Super Market များ၊ Mini Market များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် ဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ကွာဟနိုင်‌ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၈ ရက်တွင် ဆန်စပါးကုန်သည်အသင်း (ဝါးတန်းကုန်စည်ဒိုင်)မှ ထုတ်ပြန်ထားသည့် ပြည်တွင်းဆန်ဈေးနှုန်းများအရ တစ်တင်းခွဲဆန်တစ်အိတ်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ကျပ် ၁၂၅,၀၀၀၊ ကြားပျံရှယ် ကျပ် ၁၀၀,၀၀၀၊ ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ဖျာပုံပေါ်ဆန်း၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းနှင့် ဒေးဒရဲပေါ်ဆန်း ကျပ် ၁၀၀,၀၀၀ အထိရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *