၈. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲလိမ်ညာမှုတွေကြောင့် ပြဿနာပေါင်းစုံ ဖြစ်ပွားခဲ့ရပြီးနောက်ပိုင်း တပ်မ‌တော်က နိုင်ငံအာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာထိန်းသိမ်းခဲ့ပြီးနောက် သုံးနှစ် နီးပါးကြာလာချိန်မှာ မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းမိတ်ဆွေနိုင်ငံလို့ ပြောရမယ့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ နစက အစိုးရရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းမှုကို အိန္ဒိယအစိုးရအနေနဲ့ ထောက်ခံအားပေးသွားမှာဖြစ်သလို၊ မြန်မာအစိုးရအနေနဲ့လည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လက်ရှိ အရှိန်မြှင့်ဖြစ်ပွားလာတဲ့ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားရခြင်းရဲ့ နောက်ခံသမိုင်းကိုလည်း အိန္ဒိယအစိုးရအနေနဲ့ ဆန့်ကျင်ပါတယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗီနေး ကွာထရာ နဲ့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့ ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေ နယူးဒေလီမြို့မှာ ဒီဇင်ဘာလ ၆ ရက်ကတွေ့ဆုံဆွေးနွေးကြရာမှာ ဗီနေး ကွာထရာကအခုလိုပြောခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်အရှည် စုစုပေါင်း ၁,၆၄၃ ကီလိုမီတာ(၁,၀၂၁ မိုင်) ထိတွေ့နေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ခိုက်မှု အားလုံးအဆုံးသတ်ပြီး အေးချမ်းတည်ငြိမ်ဖို့လိုလားတာ သာမန်အနေနဲ့တော့ မထူးဆန်းပါဘူးလို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် ပထဝီနိုင်ငံရေးအရ မြန်မာ နိုင်ငံအနေနဲ့ အိန္ဒိယအတွက် အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်ရုံသာမက မြန်မာအဖို့ တရုတ်ဖက်ကို လုံးဝမှီခိုအားထားပြီး ယိမ်းယိုင်မသွားစေဖို့လည်း လိုပြန်တာကြောင့် မြန်မာနိုင်ငံဟာ အိန္ဒိယအတွက် အရေးပါတဲ့အိမ်နီးချင်း လို့ဆိုရခြင်းပါ။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်ဖို့အတွက်လည်း မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်မှုကို လိုလားနေတာပါ။

အိန္ဒိယအစိုးရ အခုလိုပြောကြားချိန်က မြန်မာအစိုးရအနေနဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး အရှိန်အဟုန်တိုးမြင့်လာခဲ့တဲ့ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တွေရဲ့ လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာလည်းဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ ပုန်ကန်မှုတွေကို ရင်ဆိုင်တိုက်ခိုက်နေရပါတယ်။တစ်ပြိုင်တည်းမှာပဲ PDF အမည်ခံတပ်ဖွဲ့တွေရဲ့ နိုင်ငံတစ်ဝန်းမှာ အပြစ်မဲ့သံဃာတွေ၊ ပြည်သူတွေ၊ ဝန်ထမ်းတွေကို သတ်ဖြတ်လုယက်မီးရှို့ဗုံးခွဲနေကြတာတွေကို ကာကွယ်တိုက်ခိုက်နေရပြန်ပါတယ်။

ဒါတင်မကသေးပါဘူး။ မြန်မာအစိုးရအနေနဲ့ အစိုးရဆန့်ကျင်ရေးမီဒီယာတွေရဲ့ အွန်လိုင်းက ထိုးနှက်မှုတွေကိုလည်း တွေ့ကြုံနေရတာကို တွေ့နိုင်ပါတယ်။ မြန်မာအစိုးရက နယ်စပ်မြို့အနည်းငယ်သာ သောင်းကျန်းသူလက်ထဲမှာရှိပြီး၊ တပ်မတော်ကအစွန်အဖျားစခန်းငယ်အချို့က ဆုတ်ခွာလာခဲ့တယ်လို့ပြောကြားခဲ့ပေမယ့် ဧရာဝတီသတင်းဌာနကတော့ တပ်မတော်စခန်းပေါင်း ၂၀၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဝါရှင်တန်ဒီစီ ရှိ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်း‌ရေးအဖွဲ့က ၂၀၂၃ ခုနှစ် မေလမှာပြောခဲ့ရာမှာလည်း မြန်မာ့တပ်မတော်အတွင်း တပ်မှထွက် ပြေးသူ (ဒါမှမဟုတ်) ဘက်ပြောင်းသွားသူ ၂၁,၀၀၀ ကျော် ရှိတယ်လို့ ဆိုပြန်ပါတယ်။ အထောက်အထား အခိုင်အလုံမရှိ၊ မှန် မမှန်ကို ဒက်ထိမပြောနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ နစက အစိုးရအဖို့ ပြည်တွင်းပြည်ပ နစ်ဖက်စလုံးက တိုက်ခိုက်မှုခံနေရတာတော့ သေချာပါတယ်။

အိန္ဒိယအစိုးရအဆက်ဆက်အနေနဲ့ကတော့ အရှေ့မျှော်မူဝါဒအရဆိုရင် မြန်မာနိုင်ငံက အဓိကအကျဆုံးနိုင်ငံပါ။ ဒါကြောင့်လည်း အရှေ့တောင်အာရှကို အိန္ဒိယရဲ့ ကုန်သွယ်လမ်းကြောင်းတွေ ပေါက်ရောက်ဖို့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကိုအကောင်အထည်ဖော်ခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး စီမံကိန်းများစွာအကောင်အထည်ဖော်နေတဲ့အထဲ ရခိုင်ပြည်နယ်အတွင်း ကစ္ဆပနဒီလို့ လည်းခေါ်ကြတဲ့ ကုလားတန်မြစ် စီမံကိန်းဆိုရင်လည်း လူသိများတဲ့စီမံကိန်းတစ်ခုပါ။ ဒီစီမံကိန်းအရ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကနေ ကုန်းလမ်းက သွားလာရခက်တဲ့ အာသံ၊ မီဇိုရမ်၊ မဏိပူရ၊ နာဂလန်း အစရှိတဲ့ ပြည်နယ်တွေကို ကုန်စည်ပို့ဆောင်ရာမှာ အထူးသ‌ဖြင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ကနေ ရခိုင်ပြည်နယ်စစ်တွေမြို့ဆီ ၅၃၉ ကီလိုမီတာခရီးကို ပင်လယ်ရေလမ်းနဲ့ပို့ဆောင် အဲဒီကနေ ကုလားတန် မြစ်ကြောင်းအတိုင်း ချင်းပြည်နယ် ပလက်ဝမြို့ကိုဖြတ်ကာ ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်ပြည်နယ်တွေထံ ကားလမ်းနဲ့ပို့ဆောင်ပေးဖို့ပါပဲ။ ဒီစီမံကိန်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး၊ အိန္ဒိယအရှေ့မြောက်ဒေသတွေကို ကုန်စည်ပို့ဆောင်မှု ပိုမိုလွယ်ကူစေမှာပါ။ တစ်ဖက်ကလည်းအိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့အနောက်ပိုင်းရခိုင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့လုပ်ငန်းတွေ လွှမ်းမိုးလာမှာကို ကာကွယ်နိုင်ဖို့ မျှော်လင့်ပုံရပါတယ်။

အခုဆို မြန်မာနိုင်ငံအတွက် အိန္ဒိယအစိုးရရဲ့ အကူအညီထောက်ပံ့ငွေ စုစုပေါင်းက အမေရိကန်ဒေါ်လာ ၂ ဘီလျံ ခန့်အထိရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာ အထက်မှာဖော်ပြသလို စီမံကိန်းကြီးတွေ အကောင်အထည်ဖော်မှုအတွက် ဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံ ရှိတယ်လို့ဆိုပါတယ်။ ဒါကိုကြည့်ရင် အိန္ဒိယအစိုးရအနေနဲ့ သူ့အတွက် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာနိုင်ငံမှာ အေးချမ်းတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုကို အလေးထားမှုကိုလည်းတွေ့နိုင်မှာပါ။

မြန်မာနိုင်ငံမှာတပ်မတော်က ခေတ္တအာဏာထိန်းသိမ်းမှုပြုခဲ့ပြီးနောက် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုလမ်းကြောင်းနောက်မလိုက်ဘဲ မြန်မာအစိုးရနဲ့ မိတ်ဝတ်မပျက်ဆက်ဆံခဲ့တဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာ့တပ်မတော်သားအချို့ နိုင်ငံတွင်းမှာ လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ တိုက်ပွဲဖြစ်ရာက အိန္ဒိယနိုင်ငံဘက်ရောက်သွားခဲ့ရင် အိန္ဒိယအစိုးရက ကောင်းမွန်စွာကယ်ဆယ်၊ ဆေးကုသပေးပြီး ပြန်လည်ပို့ပေးတာတွေလည်းတွေ့ရမှာပါ။ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် အိန္ဒိယဘက်က အစိုးရဆန့်ကျင်ရေးသူပုန်တွေဆိုရင်လည်း မြန်မာ့တပ်မတော်က နိုင်ငံအတွင်း လုံးဝအဝင်မခံဘဲ နှစ်နိုင်ငံစစ်တပ်တွေ အပြန်အလှန်အကျိုးပြုခဲ့ကြတာပါ။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲမှာဆိုရင်လည်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ဆောင်ရွက်မယ့်လုပ်ငန်းတွေကိုဆွေးနွေးကြရာမှာ နှစ်နိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေလည်းပါပြီး နှစ်နိုင်ငံတပ်မတော်အကြား မကြာခင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေလုပ်မယ်လို့လည်း သတင်းတွေရထားပါသေးတယ်။ ဒါတင်မက နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ အခြားကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါတွေကပဲ မြန်မာနိုင်ငံမှာ ပြည်တွင်းအခြေအနေအရ တပ်မတော်က ခေတ္တအာဏာထိန်းထားရခြင်းကနေ ဒီမိုကရေစီလမ်းကြောင်းဆီ အမြန်ဆုံးပြန်ရောက်အောင် တွန်းအားပေးနေပေမယ့် အိန္ဒိယအစိုးရအနေနဲ့ လက်ရှိ အစိုးရ ကိုဆန့်ကျင်မှာမဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်ကာ အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံသွားလိမ့်မယ်လို့ ယုံကြည်ရတာတွေ ဖြစ်လာပါတယ်။

Ref; Hindustan Times, India’s Message to Myanmar Generals (Youtube)

Leave a Reply

Your email address will not be published. Required fields are marked *

Related News