MT News

ပင်းပက်သံမဏိစက်ရုံ ပြန်လည်လည်ပတ်ပါက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ရေနံချောင်း Off-take မှတစ်ဆင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရေး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကြိုတင်စီစဉ် ဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် လည်ပတ်ပါက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ရေနံချောင်း Off-take မှတစ်ဆင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရေး လုပ်ငန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကြိုတင်စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။

လက်ရှိတွင် မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကွေး-ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍ ဧပြီလမှစတင်ကာ အဆင့်မြှင့်တင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်သို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးလည်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ ပင်းပက်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းသို့ ရောက်ရှိ စစ်ဆေးပြီးနောက် သံမဏိစက်ရုံ ပြန်လည်လည်ပတ်ချိန်တွင် စက်ရုံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ပေးနိုင်ရေး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေစီမံကိန်းမှ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားရန်လိုကြောင်း၊ ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်း၊ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားပြီး ပင်းပက်ဓာတ်ငွေ့ထိန်းဖြန့်စခန်းရှိ သဘာဝဓာတ်ငွေ့ ဖိအားမြှင့်စက်များ ဖိအားစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ သရက်ပုကျေးရွာအနီးရှိ ပိုက်လိုင်းပြုပြင်ခြင်းနှင့် ပိုက်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News