MT News

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စက်တင်ဘာ ၁၈ ရက်တွင် သိရသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၁၇ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွှေပြည်သာမြို့နယ်၊ (၅/၈)ရပ်ကွက်၊ မြတ်လေးလမ်းနေ ညီညီမင်း ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညီညီမင်း(၄၂)နှစ်အား ရွှေပြည်သာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ထို့အတူ စက်တင်ဘာလ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ သာစည်မြို့နယ်၊ တောင်ကြီး-မိတ္ထီလာသွားကားလမ်း၊ ယင်းမာပင်ကျေးရွာအနီးတွင် တိုးအောင် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၄၄၀) အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တိုးအောင်(၄၄)နှစ်အား ယင်းမာပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၁၇ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝ်များသည် သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ဘားအံ-မြ၀တီသွားကားလမ်း၊ အိန္ဒုကျေးရွာအနီးတွင် မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် ခွန်မျိုးခန့်ငြိမ်း မောင်းနှင်ပြီး စိုးတင့်ဦး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၂၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခွန်မျိုးခန့်ငြိမ်း(၂၅)နှစ် နှင့် စိုးတင့်ဦး (၂၉)နှစ်တို့အား အိန္ဒုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်။

အဆိုပါ ဖမ်းဆီးရမိမှုများအပြင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေး မြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ မောင်စိုး(ခ)ခင်မောင်စိုး မောင်းနှင်ပြီး နေလင်းစိုး လိုက်ပါလာသည့် NISSAN ATLAS အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းစိမ်းအလေးချိန် ၇၈ ကီလို (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၃၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မောင်စိုး(ခ)ခင်မောင်စိုး(၅၉)နှစ်နှင့် နေလင်းစိုး (၂၇)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *