၆. ၁၂. ၂၀၂၃
Written by Ye Kyaw

ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေ နိုင်ငံခြားငွေ ရောင်းဝယ်တာကို ဈေးနှုန်း မကန့်သတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပေးကြောင်း မနေ့က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပြီးချိန်မှာ ဗဟိုဘဏ်မှာ ဒေါ်လာ မရှိတော့လို့ ဈေးကွက်ကို လွှတ်ချလိုက်သလို အခြားတစ်ဖက်မှာလည်း ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာနိုင်ပြီး တစ်ဒေါ်လာ ကျပ် ၄၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ကို မြင့်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ့ ပျံနှံလာခဲ့တာဖြစ်လို့ ပြည်သူတွေ စိုးရိမ်နေရတဲ့ အခြေအနေဟာ ဒီနေ့မနက်မှာလည်း ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာကို သွင်းကုန်ကဏ္ဍမှာ အရင်က အဓိကသုံးစွဲနေရတာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ သွင်းကုန်တင်သွင်းမှု တန်ဖိုး ဒေါ်လာ ၁၇ ဘီလျံကျော်ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ အခုတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကနေ အဓိက သွင်းကုန်တင်သွင်းနေတာဖြစ်တဲ့အပြင် ဒီနိုင်ငံနှစ်နိုင်ငံနဲ့ ယွမ်-ကျပ်၊ ဘတ်-ကျပ် တိုက်ရိုက် ပေးချေနိုင်နေတာကြောင့် လိုအပ်တဲ့သွင်းကုန်ပမာဏအတိုင်း ဒေါ်လာလိုအပ်ချက် ရှိနေမှာမဟုတ်ပါဘူး။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ တရားဝင် ထုတ်ပြန်ထားတဲ့ ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားသုံးသီးသန့်ငွေအခြေအနေက ၂၀၂၃ ခုနှစ် မတ်လမှာ ဒေါ်လာ ၁၂ ဒသမ ၁၃ ဘီလျံရှိပြီးတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးသီးသန့်ငွေပမာဏက ဒေါ်လာ ၈ ဒသမ ၂၂ ဘီလျံအထိ ရှိနေခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ မတ်လအထိမှာ စုစုပေါင်း နိုင်ငံခြားသီးသန့်ငွေမှာ သွင်းကုန်ပမာဏရဲ့ ၁၀ လစာနဲ့ ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံးသီးသန့်ငွေဟာ သွင်းကုန်ပမာဏရဲ့ ၆ ဒသမ ၄ လစာ၊ စုစုပေါင်း သွင်းကုန်ပမာဏရဲ့ ၁၆ လကျော်စာအတွက် နိုင်ငံခြားသုံးငွေရှိတာဖြစ်လို့ သွင်းကုန်လိုအပ်ချက်အတွက် ဒေါ်လာ မရှိမှာကိုတော့ စိုးရိမ်ရမှာမဟုတ်ပါဘူး။

သို့သော်လည်း နိုင်ငံခြားငွေကြေးကို အရင်လိုနှုန်းသေ မဟုတ်တော့ဘဲ နှုန်းရှင်အဖြစ် ပြောင်းလဲလိုက်တဲ့ အကူးအပြောင်းကာလမှာ ပို့ကုန်လုပ်ငန်းရှင်တွေ အရင်ထက် အကျိုးရှိလာမှာဖြစ်သလို သွင်းကုန်လုပ်ငန်းရှင်တွေအတွက်တော့ အနည်းငယ်ထိခိုက်နိုင်မှာကတော့ အမှန်ဖြစ်ပါတယ်။ နှုန်းရှင် (Floating Rate) အနေနဲ့ ခွင့်ပြုပေးရာမှာလည်း ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ခွင့်ပြုပေးတာဖြစ်လို့ ကြီးမားတဲ့သက်ရောက်မှုမျိုး မရှိနိုင်ကြောင်းလည်း သိရပါတယ်။

“အခုလည်း သူတို့လည်း တစ်ဝက်လွှတ်ပေးတာပေါ့ဗျာ။ အကုန်လွှတ်ပေးတာတော့မဟုတ်ဘူး။ ဝိုင်းတင်ပြတော့ လျှော့ပေးလိုက်တာ။ ဝယ်လိုအား၊ ရောင်းလိုအားပဲဗျ။ ရောင်းသူများများရှိရင် ဈေးပေါမယ်။ ဝယ်သူများများရှိရင် ဈေးကြီးမယ်။ ဒါကိုထိန်းလိုက်ရင် မှောင်ခိုဖြစ်ရင် ပိုဆိုးမှာပေါ့။ တကယ်လုပ်စားတဲ့သူတွေက တည်ငြိမ်တဲ့ အနေအထားနဲ့ တက်ချိန်တန် ဖြည်ဖြည်းတက်၊ ကျချိန်တန် ဖြည်းဖြည်းကျတာ ကောင်းတယ်။ ဝုန်းဒိုင်းကြဲနေရင် ပြည်သူတွေနာတယ်။ အဲဒီထဲမှာမှ မရှိဆင်းရဲသားနဲ့၊ ဝန်ထမ်းတွေ ပိုဒုက္ခရောက်တယ်။ ဈေးကွက်က လွတ်လွတ်လပ်လပ်နဲ့ ပုံမှန်အတိုင်းသွားရင် မလိုအပ်ဘဲ အများကြီးလည်း ဝယ်စရာမလိုဘူး” လို့ ရွှေလင်ဗန်းစက်မှုဇုန် တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း ထုတ်ကုန်၊ ပို့ကုန်သမားတွေ ဈေးကောင်းရရှိသလို ပြည်တွင်းကုန်ဈေးနှုန်းလည်း မတက်လာအောင် ထိန်းနိုင်မယ်ဆိုရင် ဈေးကွက်ပိုမိုအဆင်ပြေနိုင်ပေမဲ့ အကူးအပြောင်း ကာလအတွင်းမှာတော့ ဈေးကွက်မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ဒီလိုမတည်ငြိမ်မှုတွေက အခုလပိုင်းအတွင်း ပုံမှန်ဖြစ်သွားနိုင်တာနဲ့ ဘဏ်တွေကို ယုံကြည်မှု တိုးတက်လာအောင် ဆောင်ရွက်သင့်တယ်လို့ သူကဆက်ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲအခြေအနေတွေကြောင့် လက်ရှိမှာ ထိုင်းနိုင်ငံနယ်စပ်ကို သွင်းကုန်လိုင်စင် ပိုမိုချပေးနေပြီး ထိုင်းနယ်စပ်မှာ မြန်မာကျပ်- ထိုင်းဘတ် တိုက်ရိုက်ပေးချေနိုင်တာကြောင့် ဒေါ်လာလိုအပ်ချက် ကြီးကြီးမားမားမရှိပေမဲ့လည်း ပင်လယ်ရေကြောင်းကနေ သွင်းရတဲ့ သွင်းကုန်သမားတွေအတွက်တော့ လိုအပ်တဲ့ ဒေါ်လာကို ပေါက်ဈေးအတိုင်း ဝယ်ယူရင်တောင် လိုအပ်တဲ့ပမာဏအတိုင်း မရရှိနိုင်မှာကို စိုးရိမ်နေရတဲ့ အခြေအနေတွေ
ရှိနေတာလည်း သိရပါတယ်။

“အပြင်မှာတော့ အပြင်ပေါက်ဈေးအတိုင်းပေးရင်တောင် ရပါ့မလားပေါ့။ စိုးရိမ်စိတ်ကတော့ ရှိတယ်။ ဒါပေမဲ့ ထိုင်းဘက်ကတော့ နည်းနည်းလွယ်တယ်။ နယ်စပ်ဖြစ်တော့ ဒေါ်လာနဲ့ ပင်လယ်ရေကြောင်းတော့ နည်းနည်းခက်မယ်ပေါ့။ အဓိကလိုတဲ့ငွေကိုတော့ ရှာရမှာပေါ့။ ဒီဘက်ကတော့ ဘတ်ငွေနဲ့ပဲရှင်းရတာဆိုတော့ ဒေါ်လာက အခုဆိုတော်တော်တောင်ကြာနေပြီ မသုံးဖြစ်တာကလေ။ နောက်ပိုင်းကလည်း လိုင်စင်က ထိုင်းဘက်ကို အဓိကချပေးနေတော့ ဒေါ်လာကို မသုံးသလောက်ကို ဖြစ်နေတယ်” လို့ မြဝတီနယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကုန်ကြမ်းတင်သွင်းပြီးတော့ ပြည်တွင်းမှာ ကုန်ချောပြန်လည်ထုတ်လုပ်တဲ့ CMP လုပ်ငန်း (အဓိက အထည်ချုပ်) လုပ်ငန်းတွေအနေနဲ့ သွင်းကုန်နဲ့ ပို့ကုန်ရရှိမှု အခြေအနေကို စောင့်ကြည့်နေရတဲ့ ကာလဖြစ်သလို ဘယ်လောက်အထိ သက်ရောက်မှုရှိလာနိုင်မယ်ကိုတော့ မခန့်မှန်းနိုင်သေးဘူးလို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

“လောလောဆယ်တော့ မသိသေးဘူး။ အထည်ချုပ်လုပ်ငန်းတွေကတော့ စောင့်ကြည့်ရဦးမှာ” လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေဈေးနှုန်း ကန့်သတ်ပေးမှုမရှိဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း စတင်ရောင်းချရတဲ့ ဒီဇင်ဘာ ၆ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အရင်က တစ်ဒေါ်လာ ၃၃၀၀ ကျပ်သာ သတ်မှတ်ထားတဲ့ ပြည်ပနေအလုပ်သမားများ ပေးပို့ငွေရဲ့ ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာ ၃၃၈၀ ကျပ်နဲ့ တစ်ဒေါ်လာဈေးနှုန်း ၁၀၀ ကျပ်ဝန်းကျင် တိုးမြှင့်သတ်မှတ်ခဲ့တာကို တွေ့ရပါတယ်။

အလားတူ ဒီနေ့ နေ့လည်ပိုင်းအထိ ပြင်ပဈေးကွက်မှာလည်း တစ်ဒေါ်လာ ၃၅၃၀ ကျပ်သာ ဖြစ်ပေါ်ခဲ့လို့ မနေ့ကထက် တစ်ဒေါ်လာ ၃၀ ကျပ်သာမြင့်တက်ခဲ့သလို တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် တစ်ဒေါ်လာ ၁၀၀ ကျပ်ဝန်းကျင်သာ မြင့်တက်နေတာဖြစ်လို့ ကန့်သတ်မှုတွေမရှိဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း စတင်ရောင်းချရတဲ့ ဒီနေ့မှာတော့ ဒေါ်လာဈေးနှုန်း သိသိသာသာ ပြောင်းလာတာမရှိပေမဲ့ နောက်ရက်တွေမှာတွေ ငွေဈေးကွက်လှုပ်ခက်တာတွေ၊ ဈေးကစားဆွဲတင်တာတွေ ဖြစ်ပေါ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမယ့်အခြေအနေပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News