၆.၁၂.၂၀၂၃
Translated by Htwe Ko Tun

နီပေါနိုင်ငံအတွင်း အလုပ်လက်မဲ့လူငယ်များထံမှ ခရီးသွားဗီဇာလက်မှတ်များ ရရှိရန်အတွက် ငွေကြေး များစွာယူခဲ့ကာ လူငယ်များအား ရုရှားစစ်တပ်အတွင်းဥပဒေနှင့်မညီ တပ်သားသစ်များအဖြစ် အမှုထမ်းရန် ပို့ပေးခဲ့ခြင်းတို့အတွက် ရဲတပ်ဖွဲ့က လူဆယ်ဦးကိုဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

နီပေါအစိုးရက ရုရှားအစိုးရအား နီပေါနိုင်ငံသားများကို ရုရှားတပ်မတော်အတွင်း တပ်သားသစ်များအဖြစ်လက်မခံပါရန်နှင့် ထိုသို့စစ်မှုထမ်းနေသည့် မည်သည့်နီပေါနိုင်ငံသားကိုမဆို နိုင်ငံသို့ပြန်ပို့ပေးပါရန် ယခုရက်သတ္တပတ်အတွင်း အကြောင်းကြားခဲ့ကြောင်းလည်းသိရသည်။ ရုရှားစစ်တပ်တွင် အမှုထမ်းနေသည့် နီပေါနိုင်ငံသားခြောက်ဦးကျဆုံးခဲ့ပြီးနောက် ထိုသို့အကြောင်း ကြားခဲ့ခြင်းဟုလည်းသတင်းများက ဆိုသည်။

ခတ္တမန္ဒူခရိုင်၏ ရဲတပ်ဖွဲ့အကြီးအကဲ ဘူပန်ဒရာ ခါထရီ က လွန်ခဲ့သော ရက်များအတွင်းသဲလွန်စများ ရရှိခဲ့ပြီးနောက် လူဆယ်ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့သည်။ ၎င်းက “ဒီကိစ္စမှာ သူတို့ကိုတရားရုံးတင်ဖို့ ရှေ့နေတွေနဲ့ ကျွန်တော်တို့တိုင်ပင်နေပါတယ်” ဟု ပြောခဲ့သည်။သို့သော် မည်သည့်အချိန်တွင် ရုံးတင်မည်ကိုမူ ၎င်းကမပြောခဲ့ချေ။ ထို့ပြင် ဖမ်းဆီးခံရသူများက လူငယ်တစ်ဦးစီထံမှ ဒေါ်လာ ၉,၀၀၀ စီရ ယူခဲ့ပြီး ရုရှားနိုင်ငံသို့ ခရီးသွားအလည်အပတ်ဗီဇာဖြင့် အများအားဖြင့် ယူအေအီးနိုင်ငံမှတစ်ဆင့် ပို့ပေးခဲ့ခြင်းဟု ခါထရီက ပြောခဲ့သည်။

ထို့နောက်တွင်မူ ၎င်းလူငယ်များအား ရုရှားစစ်တပ်တွင် တပ်သားသစ်များအဖြစ် ဝင်ရောက်စစ်မှုထမ်းစေခဲ့ကြကြောင်း၊ ထိုလုပ်ရပ်က အစုအဖွဲ့အလိုက် လူကုန်ကူးမှု ရာဇဝတ်မှုဖြစ်ကြောင်း ခါထရီက ဆက်လက်ပြောခဲ့သည်။ သို့ရာတွင် ဖမ်းဆီးထားသူများက မည်သူမည်ဝါဖြစ်သည်ကိုမှု ရှင်းလင်းပြောကြားခြင်းမရှိပေ။ နီပေါအစိုးရက ရုရှားစစ်တပ်၌ စစ်မှုထမ်းရင်းကျဆုံးခဲ့သည့် နီပေါလူငယ်များအတွက် လျော်ကြေးပေးရန်လည်းတောင်းဆိုခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံသားစစ်သည်များကို ဂေါ်ရခါးတပ်ဖွဲ့ဝင်များဟုသိကြကာ ၎င်းတို့ ရဲရင့်မှုနှင့် စစ်ရေးကျွမ်းကျင်မှုတို့အတွက် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးကတည်းကပင် အိန္ဒိယစစ်တပ်နှင့် ဗြိတိသျှ စစ်တပ်တို့တွင် သုံးနိုင်ငံသဘောတူညီချက်ဖြင့် ဂေါ်ရခါးတပ်ဖွဲ့များအဖြစ် စစ်မှုထမ်းကြသည်။ သို့သော် နီပေါနှင့်ရုရှားကြားတွင်မူ ထိုကဲ့သို့ သဘောတူညီချက်မျိုးရယူထားခြင်းမရှိပေ။

နီပေါနိုင်ငံသားများစွာမှာ ယခုအခါ အရပ်ဘက်လုပ်ငန်းများတွင်လုပ်ကိုင်နေကြပြီး အဓိကအားဖြင့် စက်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်ဖြစ်ကြကာ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် အများအပြားသွားရောက်လုပ်ကိုင်နေကြသည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News