၆.၁၂.၂၀၂၃
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားဒေသအတွင်း ယူခီးယားခရိုင်ခွဲ၌ရှိသော ဘင်္ဂါလီစခန်းများတွင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက သီးခြားစီပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

သေဆုံးသူလေးဦးတွင် သုံးဦးမှာ လက်နက်ကိုင်သေနတ်သမားလူရမ်းကားများက ယူခီးယားခရိုင်ခွဲအတွင်း ဘင်္ဂါလီစခန်းအမှတ်(၁၅) နှင့်အမှတ်(၁၇)တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့၍ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ ၎င်းတို့က အသက် ၃၅ နှစ်၊ ၁၆ နှစ် နှင့် ၂၇ နှစ်အသီးသီးရှိကြသည်။

အခြားသေဆုံးသူတစ်ဦးမှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘင်္ဂါလီစခန်းအမှတ်(၄) ၌ သေနတ်သမားများက ပစ်ခတ်ကြရာမှ သေဆုံးခဲ့ပြီး အသက် ၃၀ နှစ်ရှိသည်ဟုလည်း ဆိုသည်။ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်တွင်ပင် ဘင်္ဂါလီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ARSA နှင့် RSO တို့ ပစ်ခတ်မှုများဖြစ်ပွားကြရာ နှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

လက်နက်ကိုင်ရဲတပ်ရင်းတပ်မှူး အမားဂျာဖာက “ဘင်္ဂါလီအကြမ်းဖက်သမားနှစ်ယောက်ကိုတော့ ဒီပစ်ခတ်မှုတွေအတွက် သေနတ်တွေနဲ့အတူဖမ်းမိထားပြီ။ ဒီ့ပြင်လူတွေလည်း ဖမ်းမိဖို့ဆောင်ရွက်နေတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါစခန်းများတွင်နေထိုင်သော ဘင်္ဂါလီများက ဘင်္ဂါလီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ARSA နှင့် RSO တို့က စခန်းများတွင် ၎င်းတို့၏ဩဇာလွှမ်းမိုးရန် အပြိုင်အဆိုင်ကြိုးစားကြရာမှ တိုက်ခိုက်မှုများဖြစ်ကာ လူလေးဦးကိုသတ်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။

Ref—–Daily Observer Bangladesh

Leave a Reply

Your email address will not be published. Required fields are marked *

Related News