၆. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က ထိုင်း- မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်က တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှု တားဆီးနှိမ်နှင်းရေးကို အရှိန်အဟုန် ပြင်းပြင်း ဆောင်ရွက်ဖို့ ထိုင်းစစ်တပ်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်က ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ပက်ဒီနဲ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ်က အဆိုပါ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီတာဝန်ကို ထမ်းဆောင်ရာမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်ရေးက အရေးကြီးကြောင်းလည်း အထူးအလေးပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မလေးရှား တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ တောင်ပိုင်းမှာ မငြိမ်သက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ကြောင်း ၀န်ကြီးချုပ် ဆာရက်သာက အလေးပေး ပြောကြားခဲ့သလို ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ တပ်မတော်ရဲ့ မဟာဗျူဟာနဲ့ အစီအစဉ်တွေကိုလည်း သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးတယ်လို့ သံသယရှိသူတွေနဲ့ ထိုင်းစစ်တပ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ သံသယရှိသူ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး မြန်မာနိုင်ငံနဲ့ ထိုင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အဲ့ဒီလမ်းကြောင်းဟာ အနောက်နိုင်ငံဈေးကွက်တွေကို မူးယစ်ဆေးဝါးတွေ တင်ပို့ဖို့အတွက် မလေးရှားနိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုကူးဖို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *