၃. ၁၂. ၂၀၂၃

Translated by Htwe Ko Tun

မြန်မာနိုင်ငံမှ နှစ်သစ်ကူးမဟာသ​​ကြန်ပွဲတော်ကဲ့သို့ပင် ထိုင်းနိုင်ငံ၌လည်း နှစ်စဥ်ကျင်းပနေကျ ဆုံခရမ် နှစ်သစ်ကူးရေကစားပွဲတော်ကို ၂၀၂၄ ခုနှစ်တွင် ဧပြီလ တစ်လလုံး၌ကျင်းပသွားရန် ထိုင်းအစိုးရ၏ပျော့ပြောင်းသောစွမ်းရည်အာဏာမဟာဗျူဟာကော်မတီ(National Soft Power Strategy Committee) က စီစဥ်ထားကြောင်း သိရသည်။

ပုံမှန်အားဖြင့် သုံးရက်သာကျင်းပသော ဆုံခရမ်ပွဲတော်ကို ဤကဲ့သို့တစ်လတိုင်တိုင်ကျင်းပရန်စီစဥ်မှုက ပွဲတော်များအတွက် ကမ္ဘာပေါ်တွင်လာရောက်လည်ပတ်ရန်အကောင်းဆုံး ၁၀ နိုင်ငံတွင် ထိုင်းနိုင်ငံအား ခိုင်မာစွာဆက်လက်ရပ်တည်နိုင်စေရန် ဆောင်ရွက်မှုဟုလည်း ဆိုရမည်ဖြစ်သည်။

ထိုင်း ရိုးရာနှစ်သစ်ကူးဟု အဓိပ္ပါယ်ရသည့် ဆုံခရမ်က နှစ်စဥ် ဧပြီလ ၁၃ ရက်တွင်ကျရောက်သည်။ ကျန်နှစ်ရက်ဖြစ်သော ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်တို့ကိုအမျိုးသား မိသားစုများနေ့နှင့် ထိုင်းနှစ်သစ်ကူးနေ့တို့အဖြစ်အသီးသီးသတ်မှတ်ကြပြီး ထိုင်းလူမျိုးများအဖို့ မိမိတို့မိသားစုများနှင့် ခွဲခွာနေရပါက ပြန်လည်ဆုံစည်းနိုင်ကြရန် အားလပ်ရက်များလည်းဖြစ်သည်။

ဖျူထိုင်းပါတီ၏ခေါင်းဆောင်ဖြစ်သော ပေတုံတန် ရှီနာဝပ်ထရာက အဆိုပါ ကော်မတီအစည်းအဝေးကို သဘာပတိအဖြစ် ဒီဇင်ဘာလ ၁ ရက်က ကျင်းပခဲ့ပြီး ပေတုံတန်က သူမ၏ လူမှုကွန်ရက် Facebook စာမျက်နှာ၌ ၂၀၂၄ ခုနှစ် ဆုံခရမ်ပွဲတော်အစီအစဥ်ကိုကြေညာခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 406382469_122140164686030934_2726034715528142668_n.jpg

ပေတုံတန်က နိုင်ငံ၏စီးပွားရေးကိုတိုးတက်လာစေ​ရေးဖန်တီးနိုင်ရန်အတွက် ပျော့ပြောင်းသောစွမ်းဆောင်နိုင်ရည်စီမံချက်ကို ဘတ်ဂျက်များအဆိုပြုလျက်ဆပ် ကော်မတီ ၁၂ ခုနှင့်အတူလုပ်ငန်း ၁၁ ခုတွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ပြင် ပေတုံတန် က “ဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးကြမယ့် နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာကတော့ ၂၀၂၄ ခုနှစ် ဆုံခရမ် ပွဲတော်အတွက်စီမံချက်ပါပဲ။ လာမယ့် ဆုံခရမ်ပွဲတော်က အရင်နှစ်တွေနဲ့တူမှာမဟုတ်ဘူး။ ဆုံခရမ်ပွဲတော် ကို ကမ္ဘာ့ရေကစားပွဲတော်ကြီးအဖြစ် ကြီးကျယ်စွာကျင်းပနိုင်ဖို့ ကျွန်မတို့ ကြိုတင်ပြင်ဆင်ရပါမယ်” ဟု ပြောကြားသွားခဲ့သည်။

ပေတုံတန်က ၂၀၂၄ ခုနှစ် ဆုံခရမ်ပွဲတော်ကို ကမ္ဘာ့အဆင့်ရှိပွဲတော်ကြီးတစ်ခုအဖြစ် ထိုင်းတစ်နိုင်ငံလုံးပြည်နယ် ၇၇ ခု၌ ဧပြီလတွင် သုံးရက်တည်းမကဘဲ တစ်လလုံး ကျင်းပသွားမည်ဟုပြောခဲ့သည်။

ကော်မတီ အနေဖြင့် ၎င်း၏အဆိုပြုချက်ကို ဇန်နဝါရီလ တွင် အစိုးရအဖွဲ့သို့တင်ပြရန် မျှော်မှန်းထားသည်။

Ref :; Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *