၁. ၁၂. ၂၀၂၃
Written by Ye Kyaw

စက်မှုဇုန်များကို နိုင်ငံတော်အစီအစဉ်အဖြင့် စက်သုံးဆီ‌ရောင်းချမပေးတော့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြည်တွင်း၌ ဓာတ်ဆီဈေးနှုန်းများ ရုတ်တရက် မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၃၄၀ ခုန်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ယခု ဒီဇင်ဘာ ၅ ရက်မှစတင်၍ စက်မှုဇုန်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် စက်သုံးဆီ ရောင်းချမပေးတော့ဘဲ စက်မှုဇုန် လုပ်ငန်းရှင်များ မိမိကိုယ်တိုင် တင်သွင်းရန် အကြောင်းကြားလာခြင်းကြောင့် စက်မှုဇုန်လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်ခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပေါ်မှုများကြောင့် နိုဝင်ဘာ ၂၉ ရက်တွင် နေပြည်တော်နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)တို့တွင် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး စက်သုံးဆီဝယ်ယူရန် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းအား ပြင်ပဈေးကွက်တွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုရန် စက်မှုဇုန်လုပ်ငန်းရှင်များက တင်ပြခဲ့ပြီးနောက် ယနေ့ နံနက်တွင် စက်သုံးဆီဈေးနှုန်းများ ရုတ်တရက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက် (ယမန်နေ့)တွင် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၁၇၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၃၀၀ ကျပ် ယနေ့ နံနက်ပိုင်းတွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်သို့ ခုန်တက်ခဲ့သဖြင့် တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၄၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သော်လည်း ဒီဇယ်ဈေးနှုန်းများမှာ အနည်းငယ်သာ မြင့်တက်မှုရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ရိုးရိုးဒီဇယ် တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ သာရှိ၍ ရိုးရိုးဒီဇယ်မှာ ၁၀ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ ၁၅ ကျပ်သာ မြင့်တက်ခဲ့သည်။

“မနက် မိုးလင်းမှာတောင် ကြောက်နေရတယ်။ ဆီဈေးတွေကလည်း အခုဓာတ်ဆီဆို ၃၀၀ ကျော်တက်သွားတာဆိုတော့ အရင်ဆီဖိုး နှစ်သောင်းကျော်ဆို ဒီနေ့ သုံးသောင်းကျပြီပဲ။ Owner ကြေးနဲ့ဆို လေးသောင်း ရှာရမှာပေါ့။ ဒါတောင် အစ်ကိုတို့က ထမင်းချိုင့်ထည့်လို့ အခုကုန်ဈေးနှုန်းတွေနဲ့ မလွယ်ပါဘူး” ဟု တက္ကစီယာဉ်‌မောင်းတစ်ဦးက ပြောသည်။

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း ရုတ်တရက်မြင့်တက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းချိန်တွင် စက်သုံးဆီပြတ်လပ်နေသည်ဆိုသော အကြောင်းပြချက်များနှင့် စက်သုံးဆီများ လိုသလောက် ထုတ်ရောင်းမပေးဘဲ တန်းစီဝယ်ယူရသည့် အခြေအနေအထိ ဈေးကွက်ချုပ်ကိုင်နေမှုများရှိနေခြင်းဖြစ်သည်။

ပုံစာ – ယနေ့ နံနက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချနေသည့် ဆီဈေးနှုန်းများကို တွေ့ရစဉ် (Photo- Ye Kyaw)

Leave a Reply

Your email address will not be published. Required fields are marked *

Related News