၃၀. ၁၁. ၂၀၂၃
Written By Thandar

နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီဆုဗန်းကိုင်ဖို့ ရွှေကြို မောင်မယ်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

အဆိုပါ ရွှေကြိုအကယ်ဒမီဆုဗန်းကိုင် လျှောက်လွှာတင်လိုသူတွေအနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ လျှောက်လွှာထုတ်ယူနိုင်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ မတိုင်ခင် နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ၂၀၂၃ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် ရွှေကြိုမောင်မယ် စတင်လျှောက်လွှာခေါ်ယူဖို့ မနက်ဖြန် စတင်ပါပြီ။ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေ လျှောက်လွှာတင်လို့ရပါတယ်။ ခုဒီဇင်ဘာ ၃၁ ရက်မှာ အသက်(၁၆)နှစ် ပြည့်ပြီးသူကနေ အသက်(၂၅)နှစ် မကျော်လွန်သူဖြစ်ရမှာပါ။ ရွှေကြိုလျှောက်သူတွေက ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့သူ၊ ကိုယ်ခန္ဓာ အချိုး အစား ပြေပြစ်သူဖြစ်ရမှာပါ။ သတ်မှတ်ထားတဲ့ရက်ကို နောက်ဆုံးထားပြီး လျှောက်လွှာတင်ရမှာပါ။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ အကယ်ဒမီဗန်းကိုင် ရွှေကြို အယောက် ၂၀ကို ရွေးချယ်သွားမှာပါ။ မိန်းကလေး ၁၀ ယောက် ၊ ယောကျ်ားလေး ၁၀ ယောက်ကို ရွေးချယ်သွားမယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MTNews Entertainment ကိုပြောပါတယ်။

အကယ်ဒမီ ဗန်းကိုင် လျှောက်လိုသူတွေအနေနဲ့ အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမှာဖြစ်ပြီး အမျိုးသမီး အနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ပေ ၂ လက်မ ကနေ ၅ ပေ ၈ လက်မ အတွင်း ဖြစ်ရမှာဖြစ်ပါတယ်။ အမျိုးသားအနေ နဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မ ကနေ ၆ ပေအထိ ဖြစ်ရမှာဖြစ်ပါတယ်။ အဆိုပါ ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တွေအတွက် ရှေ့ဆက်မယ့် အနုပညာလုပ်ငန်း အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ရွှေကြိုမောင်မယ်တွေကို ယခင်နှစ်များလို အကဲဖြတ်ဒိုင်တွေအနေနဲ့ ရန်အောင် ၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊ မေသန်းနု စတဲ့ အနုပညာရှင်တွေနဲ့ စိစစ်ရွေးချယ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်များအတွက် သုံးနှစ်စာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဆုဗန်းကိုင်တွေ ခေါ်ယူခဲ့ရာ ရွှေကြိုလာရောက်လျှောက်ထားသူ ဦးရေ ၁၈၀ ခန့်ထိရှိခဲ့ရာကနေ ၂၂ ဦးကို စိစစ်ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့က ၃ နှစ်စာ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုလည်း နေပြည်တော်မြို့ တော်ခန်းမ လဟာပြင်ဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနှစ် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ လာမယ့် ၂၀၂၄ ဖေဖော်ဝါရီလမှာ ပေးအပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။

ပုံစာ ။ ယမန်နှစ်က ပြုလုပ်ခဲ့သော ရွှေကြိုမောင်မယ် ရွေးချယ်ပွဲကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *