၃၀. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးနှင့်ဟားမားစ် တို့အကြား အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့သောစစ်ပွဲကိုယာယီအပစ်အခတ်ရပ်စဲမှုအား နိုဝင်ဘာ ၂၄ ရက်မှစတင်ခဲ့ကြပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင်မူ သတ္တမမြောက်အပစ်အခတ်ရပ်စဲရေးနေ့အဖြစ် တိုးချဲ့ရန် နိုဝင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် အစောပိုင်းအပစ်အခတ်ရပ်စဲရေးသက်တမ်းမကုန်ဆုံးမီအချိန်လေး၌ နှစ်ဖက် ထပ်မံ သဘောတူခဲ့ကြကြောင်း သိရသည်။

ထိုသို့အပစ်အခတ်ရပ်စဲရေးအား နောက်ထပ်တစ်ရက်တိုးချဲ့နိုင်ခဲ့ကြကြောင်း နှစ်ဖက်စလုံးကပင် အတည်ပြုပြောကြားခဲ့ကြသည်။

အစ္စရေးစစ်ဖက်က စစ်ဆင်ရေးထိုးစစ်များရပ်ဆိုင်းထားဦးမည်ဖြစ်ကြောင်းနှင့် ဓားစာခံများထပ်မံလွှတ်ပေးရေး ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အပစ်အခတ်ရပ်စဲရေးတစ်ရက် ထပ်မံတိုးချဲ့ရန် သဘောတူညီမှုမရခင် နာရီပိုင်းများအတွင်း၌မူ နှစ်ဖက်စလုံးကရန်လိုသော စကားလုံးများဖြင့် တိုက်ခိုက်နေခဲ့ကြသေးသည်။ဟားမားစ်တို့က ၎င်းတို့အနေဖြင့် စစ်ပွဲဆက်လက်ဆင်နွှဲရန် အသင့်ရှိကြောင်း‌ ပြောခဲ့ကြသလို အစ္စရေးစစ်ဖက်ကလည်း စစ်ပွဲနောက်အဆင့်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်းပြောခဲ့ကြသည်။

ယာယီအပစ်အခတ်ရပ်စဲမှု ခြောက်ရက်တာကာလအတွင်း၌ ဓားစာခံ အစ္စရေးနိုင်ငံသားနှင့် အခြား နိုင်ငံ ခြားသား ၉၇ ဦးကို ဟားမားစ်တို့က လွှတ်ပေးခဲ့ပြီး ပါလက်စတိုင်း ၂၁၀ ဦးကိုလည်း အစ္စရေး အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သည်။

ထိုအတောအတွင်း အစ္စရေးစစ်ဖက်ကလည်း အစ္စရေးဓားစာခံများအနက် အငယ်ဆုံးဖြစ်သော ဆယ်လသာရှိသေးသည့် ကေဖား ဘီဘားစ် နှင့် ၎င်း၏အစ်ကို၊ မိခင် တို့သုံးဦးမှာသေဆုံးသွားပြီဟု ဟားမားစ် တို့၏ပြောကြားချက်အပေါ် စိစစ်အကဲဖြတ်နေကြောင်း ပြောခဲ့ကြသည်။

အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသအတွင်း စစ်ပွဲတိုက်ခိုက်မှုများ၌ ပါလက်စတိုင်း ၁၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သလို အစ္စရေးနိုင်ငံအတွင်း ပြည်သူ ၁,၂၀၀ ခန့်သေဆုံးခဲ့ရကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားထားသည်။

Ref—–CNN, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *