၃၀. ၁၁. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းမြို့နယ်၊ မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ နတ္တလင်းမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များမှ ရာအိမ်မှူး၊ ကျေးရွာခွဲတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် လူ ၁၀ ဦးအား PDF များက နှစ်ရက်အတွင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ နိုဝင်ဘာ ၂၆ ရက် ည ၆ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကံကုန်းကြီးကျေးရွာနေ ဒေါ်နွယ်ဌေး (၄၃)နှစ်သည် နေအိမ်၌ ခင်ပွန်းဖြစ်သူ ဦးအောင်ကြည်နှင့်အတူ ရှိနေစဉ် KIA တစ်ဦးနှင့် PDF တစ်ဦး (စိစစ်ဆဲ)တို့က ကံကုန်းကြီးကျေးရွာနှင့် အင်ကြင်းကုန်းကျေးရွာအကြားရှိ လယ်မြေ၌ လယ်လုပ်ကိုင်နေသည့် ဒေါ်နွယ်ဌေး၏ဖခင်ဖြစ်သူ ဦးကုလား (၆၆)နှစ်အား ဖမ်းဆီးခေါ်ဆောင်လာပြီး နေအိမ်ရှေ့လမ်းပေါ်၌ ရိုက်နှက်နေသည်ကိုတွေ့ရှိရသဖြင့် ဒေါ်နွယ်ဌေးမှ ဝင်ရောက်တောင်းပန်စဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ခွာသွားခဲ့သဖြင့် ၎င်းတွင် နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၇ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ ဦးဇော်မျိုး(၄၇)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ဦးမြတ်သူ(၃၆)နှစ်တို့သည် ရပ်ကွက်အတွင်းရှိ သူကြီးဘုရားရှေ့၌ စကားပြောနေစဉ် PDF သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်မျိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၇ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မီးလောင်ကုန်း ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မီးလောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမျိုးမင်းထွန်း(ခ)ဦးဖိုးစီလောင်း(၃၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF များရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမျိုးမင်းထွန်း(ခ)ဦးဖိုးစီလောင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်ရပ်များနည်းတူ ည ၁၀ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအနီး ဆည်တော်ကြီးမြောင်းဘောင်ပေါ်၌ အမျိုးသားတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်ကြီးမြို့၊ ရန်ကင်းသာယာရပ်ကွက်နေ ဦးစောထွန်း (၅၂)နှစ်အား ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ရေထွက်ကျေးရွာဘက်သို့ ဆည်တော်ကြီးမြောင်းဘောင်အတိုင်း တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာစဉ် အကြမ်းဖက်သမား(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးသူအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ထို့အတူ ည ၁၀ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကဒေါင်းစောက်ကျေးရွာနေသူများဖြစ်သည့် ဦးအေးသောင်း (၅၇)နှစ်နှင့် ကျေးရွာခွဲတာဝန်ခံ ဦးအောင်ထွန်း(၆၅)နှစ်တို့သည် ၎င်းတို့၏ နေအိမ်များ၌ ရှိနေကြစဉ် ဦးအေးသောင်း၏ နေအိမ်သို့ PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့်လည်းကောင်း၊ ဦးအောင်ထွန်း၏နေအိမ်သို့ PDF ရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့်လည်းကောင်း အသီးသီးရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးအေးသောင်းအား ရင်ဘတ်နှင့် ယာလက်မောင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် လည်းကောင်း၊ ဦးအောင်ထွန်းတွင် ရင်ဘတ်၊ ဝမ်းဗိုက်၊ ခါးနှင့် ယာတံတောင်တို့၌ ကျည်ဖောက်ဝင် ဒဏ်ရာ လေးချက်ဖြင့်လည်းကောင်း အသီးသီးသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးသူ အလောင်းများအား ရေနံမတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် မင်းလှမြို့နယ်၊ ပေတောကုန်းကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးကျော်မိုး(၅၆)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်ကာ ရွာလယ်လမ်းမပေါ်၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်မိုးတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဦးကျော်မိုး၏အလောင်းအား ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာ ၂၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် မင်းလှမြို့နယ်၊ ကံ(အလယ်)ကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးသိန်းကြည်(၆၀)နှစ်အား PDF လေးဦး(စိစစ်ဆဲ)က ၎င်း၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာရွာလယ်လမ်းမပေါ်၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးသိန်းကြည်အား နှာခေါင်းမှ ကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဦးသိန်းကြည်၏ အလောင်းအား ရေနံမတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာနေ ရာအိမ်မှူး ဦးလှမြင့် (၆၃)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးလှမြင့်အား မေးစေ့အောက်မှ ကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ယာလက်မောင်းရင်းနှင့် ရင်ဘတ်တို့၌ စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဦးလှမြင့်၏ အလောင်းအား တောင်ညိုတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ တောင်ရံကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းသန်း(၅၅)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးဝင်းသန်းအား ဖမ်းဆီးခေါ်ဆောင်သွားကာ တောင်ရန်ကျေးရွာ၏မြောက်ဘက် ၂ ဖာလုံခန့်အကွာ တောင်ရံ-မင်းတပ်သွား တောလမ်းအနီး ပနီဆုံချောင်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *