၂၈. ၁၁. ၂၀၂၃
Written by Peya

တရုတ်နိုင်ငံရှိ Influencer များ၊ Blogger များ၊ မီဒီယာများ၊ ခရီးသွားနယ်ပယ်မှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၄၀ ခန့်ကို Familiarization Trip-FAM Trip အဖြစ် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဆောင်ရွက်ရန် ညှိနှိုင်းနေကာ လာမည့် ဇန်နဝါရီလ အတွင်း စတင်နိုင်ရန် မျှော်မှန်းထားပြီး ယူနန်ပြည်နယ်တွင် မြန်မာခရီးစဉ်ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများ အပါအဝင် အထက်ပါနယ်ပယ်မှ ပုဂ္ဂိုလ်များကို ခေါ်ထားခြင်း ဖြစ်ကြောင်းနှင့် မီဒီယာ နယ်ပယ်ဆိုရာတွင်လည်း အစိုးရနှင့် ပုဂ္ဂလိက မီဒီယာများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အရေအတွက်က စုစုပေါင်း အယောက် ၄၀ လောက်မှန်းထားပါတယ်။ မြန်မာပြည်ကို အမြင်စောင်းတာတွေ ဘယ်လောက်ထိ ကောင်းသွားမလဲဆိုတော့ အတိုင်းအတာ တစ်ခုအထိ ကောင်းသွားမယ်လို့ ယူဆတယ်။ အဲ့ဒါကြောင့်မို့လည်း ကျွန်တော်တို့ဘက်က ဖိတ်တာပေါ့။ လာကြည့်ပေါ့။ ကျန်တဲ့သူတွေလည်း လာကြည့်လို့ ရတယ်။ ပုံမှန် ခရီးစဉ်ဒေသတွေ ရန်ကုန်၊ ပုဂံ၊ မန္တလေး စသည်ဖြင့်ပေါ့။ ကောင်းကောင်း လည်ပတ်လို့ ရတယ်ပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထိုသို့ လာရောက်ပြီးနောက် ရုပ်သံထုတ်လွှင့်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ ခရီးသွားကုမ္ပဏီများလည်း ပါဝင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုပြီးနောက် တရုတ်နိုင်ငံဘက်တွင် မြန်မာခရီးစဉ်ကို ပြန်လည် ရောင်းချနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *