၂၈. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်းက မြောက်ကိုရီးယားနိုင်ငံမှ လွှတ်တင်ခဲ့သည့် မာလီ ဂျုံ-၁ ထောက်လှမ်းရေးဂြိုဟ်တုက ရိုက်ယူခဲ့သော အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် ပင်တဂွန် အမေရိကန်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ဓာတ်ပုံများကို ရင်းနှီးကျွမ်းဝင်အောင် စစ်ဆေးကြည့်ရှုနေကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်၏ နံနက်အစောပိုင်းနာရီများတွင် မြောက်ကိုရီးယားနိုင်ငံ၊ အာကာသနည်းပညာ စီမံခန့်ခွဲရေးဌာန၏ ပြုံယမ်းအထွေထွေထိန်းချုပ်ရေးဗဟိုက မာလီဂျုံ-၁ ထောက်လှမ်းရေးဂြိုဟ်တုမှာ ပြည့်စုံသောထောက်လှမ်းရေးတာဝန်တစ်ရပ်ထမ်းဆောင်ရန် ပြင်ဆင်နေကြောင်း ကင်ဂျုံအမ်းထံ သတင်းပေးပို့ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်အတွင်းရှိ နော်ဖို့က် ရေတပ်အခြေစိုက်စခန်း၊ နယူးပို့တ် နယူးစ် သင်္ဘော ကျင်းနှင့် လေယာဉ်ကွင်းနယ်မြေတို့ကို ပြုံယမ်းစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၃၅ မိနစ် (ဂရင်းနစ်စံတော် ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်) တွင်လည်းကောင်း၊ အိမ်ဖြူတော်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့၏ပုံများကို ပြုံယမ်းစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၃၆ မိနစ် (ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၆ မိနစ်) တွင်လည်းကောင်း ဂြိုဟ်တုက ဓာတ်ပုံများရိုက်ကူးခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

သတင်းဌာန၏ပြောကြားချက်များအရ နော်ဖို့က် ရေတပ်အခြေစိုက်စခန်းနှင့် နယူးပို့တ် နယူးစ် သင်္ဘောကျင်း တို့၏ဓာတ်ပုံများတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောလေးစီးနှင့် ဗြိတိသျှလေယာဉ်တင်သင်္ဘောတစ်စီးတို့ကိုလည်း တွေ့ရကြောင်းသိရသည်။

ထို့မတိုင်မီကလည်း ကင်ဂျုံအမ်းက ပစ်ဖိတ်သမုဒ္ဒရာအတွင်းမှ ဂူအမ်ကျွန်းရှိ အမေရိကန်၏ အန်ဒါဆန် လေတပ်အခြေစိုက်စခန်းကို ပြုံယမ်းစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၃၆ မိနစ် (ဂရင်းနစ် စံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၆ မိနစ်) တွင် ဂြိုဟ်တုက ရိုက်ကူးခဲ့သည့်ပုံများကို ကြည့်ရှုခဲ့သေးသည်။

မြောက်ကိုရီးယားက မာလီဂျုံ-၁ ထောက်လှမ်းရေးဂြိုဟ်တုအား ချိုလ်လီမာ ဒုံးပျံဖြင့် နိုဝင်ဘာ ၂၁ ရက်က အောင်မြင်စွာပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက နှစ်နိုင်ငံတင်းမာမှုလျော့ကျ ရေးသဘောတူညီချက်အား တစ်စိတ်တစ်ပိုင်းဆိုင်းငံ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။ နိုဝင်ဘာ ၂၃ ရက်တွင်မူ မြောက်ကိုရီးယားကလည်း ထိုသဘောတူညီချက်အား ၎င်းအနေနှင့် လိုက်နာစောင့်ထိန်းမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး သဘောတူညီချက်က တားမြစ်ထားမှုများကိုပါ ပြန်လည်လုပ်ဆောင်လာခဲ့သည်။

Ref–tass.com

Leave a Reply

Your email address will not be published. Required fields are marked *

Related News