၉. ၄. ၂၀၂၄
Written by Ye Kyaw

အဝေးပြေးရထားခရီးစဉ်အချို့ ဧပြီ ၁၂ ရက်အထိ လက်မှတ်အကုန် ရောင်းချထားပြီးဖြစ်ကာ ဧပြီ ၁၃ ရက်အတွက် လက်မှတ်များကို မနက်ဖြန်တွင် စတင်ရောင်းချပေးမည်ဖြစ်၍ ပြင်ပအစီအစဉ်များဖြင့် ဝယ်ယူသူများ လိမ်ညာခံရနိုင်ကြောင်း မြန်မာ့မီးရထားလက်မှတ်အရောင်းဌာနမှ သိရသည်။

“ရန်ကုန်-ပြည်ဆိုရင် လက်မှတ်က ၁၂ ရက်နေ့အထိကို ကုန်နေပြီ။ မနက်ဖြန်ဆိုရင် ၁၃ ရက်နေ့အတွက် ရောင်းချပေးမယ်။ အခြားခရီးစဉ်တွေလည်း ဒီလိုပဲ။ ကြိုတင်ဝယ်ရာမှာလည်း သတ်မှတ်စည်းကမ်းတွေနဲ့ ဒီမှာပဲဝယ်လို့ရမယ်။ အခြားအစီအစဉ်တွေနဲ့ ဘယ်နေ့ရမယ်ဆိုတာတွေကို မယုံကြည်ဖို့လိုတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် သင်္ကြန်အထူးရထားအစီအစဉ်များ ပြေးဆွဲပေးနေခြင်းကြောင့် ခရီးစဉ်တစ်ခုအတွက် ခရီးသည်များ သွားလိုသည့်နေ့ရက်တွင် ပုံမှန်ပြေးဆွဲနေသည့်ရထားနှင့် အထူးရထားအစီအစဉ် နှစ်ခုတို့မှ မိမိကြိုက်နှစ်သက်ရာ အချိန်ကို ရွေးချယ်စီးနင်းနိုင်ကြောင်း သိရသည်။

“ရန်ကုန်-ပြည်-ရန်ကုန်က ပုံမှန်ပြေးဆွဲတာက မနက် ၁၁ နာရီ၊ အထူးပြေးဆွဲပေးတာက နေ့လယ် ၁ နာရီဆိုတော့ မိန်းကလေးဖြစ်တဲ့အတွက် အစ်မကတော့ မနက် ၁၁ နာရီ ရထားပဲယူတယ်။ ဟိုဘက်ကို ညပိုင်းကြီး ရောက်သွားမှာစိုးလို့၊ လက်မှတ်ကြိုတင်ဖြတ်တာက အထူးအစီအစဉ်တွေ ပြေးဆွဲမယ်လို့ ကြေညာလိုက်ကတည်းက ဖြတ်ထားတာ။ လက်မှတ်ကိုတော့ ဒီနေ့မှ လာယူရတာ” ဟု ရန်ကုန်-ပြည် ရထားလက်မှတ် လာယူသူအမျိုးသမီးတစ်ဦးက ပြောသည်။

ရထားခရီးစဉ်များအတွက် ကြိုတင်လက်မှတ် ဝယ်ယူခြင်းနှင့် လက်မှတ်ထုတ်ယူခြင်းများအတွက် ရန်ကုန်မြို့တွင် ဗိုလ်ချုပ်လမ်း၊ Sakura Tower အရှေ့ရှိ ရထားလက်မှတ်ကြိုတင်အရောင်းဌာနတွင် သွားရောက် ဝယ်ယူနိုင်ပြီး မြန်မာ့မီးရထားလက်မှတ် ကြိုတင်အရောင်းဌာနတွင် ရထားခရီးစဉ်အားလုံး၏ ဈေးနှုန်းများကို အများပြည်သူများ သိရှိစေရန် အသိပေးကြေညာထားကာ အဆိုပါ လက်မှတ်ဈေးနှုန်း အတိုင်းသာ ဝယ်ယူရမည်ဖြစ်သည်။

ကြိုတင်လက်မှတ်ဝယ်ယူသူများအနေဖြင့် ရိုးရိုးတန်းခရီးစဉ်အတွက် ကိုယ်တိုင်အပါအဝင် ၅ စောင်နှုန်း ၁ ရက်ကြိုတင်၍လည်းကောင်း၊ အထက်တန်းခရီးစဉ်အတွက် ကိုယ်တိုင်အပါအဝင် ၃ စောင်နှုန်း ၃ ရက် ကြိုတင်၍ လည်းကောင်း မှတ်ပုံတင်မူရင်းပြသကာ ဝယ်ယူနိုင်မည်ဖြစ်သည်။

လက်ရှိပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အမှတ်(၁၁)အဆန်၊ အမှတ်(၁၂) အစုန်ရထားနှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအတွင်း အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်ရထားများကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် အထူးရထားများကို ဧပြီ ၁၂ ရက်၊ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ကာ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ဧပြီ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ဧပြီ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နေ့များတွင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်ဖြင့် ပြေးဆွဲပေးသည့် ရထားခရီစဉ်များအား ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ ယာယီရပ်နားမည်ဖြစ်ပြီး ရန်ကုန်-ပုဂံ-ရန်ကုန် ရထားခရီးစဉ်များအတွက် ဧပြီ ၁၂ ရက်တွင် ရန်ကုန်မှထွက်မည့် အမှတ် (၆၁) အဆန်ရထားနှင့် ဧပြီ ၁၆ ရက်တွင် ပုဂံမှထွက်မည့် (၆၂) အစုန်ရထားတို့အား ရပ်နားမည်ဖြစ်သည်။ ရန်ကုန်-မန္တလေး အစုန်/အဆန် အထူးအမြန်ရထားအား ဧပြီ ၁၄ ရက်တွင် ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဝေးပြေးကားလက်မှတ်များသည်လည်း ဧပြီ ၁၂ ရက်အထိ ကြိုတင်ရောင်းချထားပြီးဖြစ်၍ သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ခရီးစဉ်များအတွက် ဧပြီ ၁၃ ရက်မှသာ လက်မှတ်များ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်-ပြည် ပြေးဆွဲနေသည့် ကားဂိတ်များမှ သိရသည်။

ပုံစာ- ဧပြီ ၉ ရက် (ယနေ့)တွင် ရထားလက်မှတ်ကြိုတင်အရောင်းဌာနတွင် ရထားလက်မှတ်များ လာရောက် ဝယ်ယူနေမှုကို တွေ့ရစဉ်။ (Photo- Ye Kyaw)

Leave a Reply

Your email address will not be published. Required fields are marked *