၁၄. ၃. ၂၀၂၄
Written by Ye Kyaw

နယ်မြေမအေးချမ်းမှုကြောင့် ယခုသင်္ကြန်ပိတ်ရက်တွင် ပြည်တွင်း၌ ရက်ရှည်ခရီးစဉ်ထက် ရက်တိုခရီးစဉ်များကိုသာ သွားရောက်မှုရှိပြီး ရက်ရှည်ခရီးစဉ်များအဖြစ် ဥရောပနှင့် အာဆီယံနိုင်ငံများသို့ သွားရောက်မှုများပြားနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ပြည်တွင်းမှာကြတော့ များသောအားဖြင့် ခရီးစဉ်တွေက ဥပမာ ပုဂံသွားတယ်ဆိုလို့ရှိရင် တောင်နဲ့ မြောက်နဲ့သွားတာမျိုး သိပ်မလုပ်တော့ဘူး။ ပုဂံဘက်ကို သွားတယ်ဆိုရင် ရှမ်းပြည်ဘက်ကို သွားတာမျိုးမလုပ်တော့ဘူး။ ရှမ်းပြည်ဘက်သွားတာဆိုရင် အဲဒီတစ်ဖက် အင်းလေးသင်္ကြန်ပွဲသွားမယ်။ ကလောကိုသွားမယ်။ သက်ဆိုင်ရာခရီးတွေအလိုက် သုံး၊ လေးရက်ပဲသွားတာများတယ်။ အရင်နှစ်တုန်းကဆိုရင် အများအပြား ဒီကနေပြီးတော့ အင်းတော်ကြီးတို့ကနေ ကချင်တို့အထိကို သွားတဲ့ခရီးစဉ်တွေ တစ်ပတ်လောက်ထိအောင် ကြာတယ်ပေါ့။ အများကြီး။ အဲဒီလောက်ထိကို ကြာတဲ့ခရီးစဉ်မျိုးတွေ အခုကြတော့ အဲလိုခရီးစဉ်မျိုးတွေ သိပ်မရှိတော့ဘဲနဲ့ ဒီကနေ ပုဂံညောင်ဦး-မန္တလေး ခရီးစဉ်။ နောက်ပြီး ကလောခရီးစဉ်၊ အင်းလေးခရီးစဉ်တွေ ပိုများလာပါတယ်။ တခြားနေရာတွေက ဒေသတွင်းအခြေအနေကြောင့် ကျွန်တော်တို့ ပြည်တွင်းခရီးစဉ်တွေ ဆောင်ရွက်မှုမရှိဘူး” ဟု မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က MT News သို့ ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပိတ်ရက်များတွင် ပြည်ပသို့ ရက်တိုခရီးစဉ်များသာ သွားရောက်ခဲ့မှုရှိသော်လည်း ယခုသင်္ကြန်ရုံးပိတ်တွင်မူ ဥပရောခရီးစဉ်များတွင် နှစ်နိုင်ငံ၊ သုံးနိုင်ငံတွဲသွားရသည့် ရက်ရှည်ခရီးစဉ်များနှင့် အာဆီယံနိုင်ငံများသို့လည်း နှစ်နိုင်ငံတွဲသွားရသည့်ခရီးစဉ် သို့မဟုတ် တစ်နိုင်ငံတည်းတွင် နေရာအစုံရောက်ရှိမည့် ရက်ရှည်ခရီးစဉ်များကို ရွေးချယ်မှုများကြောင်း သိရသည်။

“ပြည်ပခရီးစဉ်တွေကြတော့ နည်းနည်းပြောင်းလဲသွားပါတယ်။ ပြည်ပခရီးစဉ်တွေက ကျန်တဲ့ ပြီးခဲ့တဲ့လတွေမှာ ပိတ်ရက်တွေပေါ့။ သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်တွေမှာ အဲဒီပိတ်ရက်တွေမှာ ရက်တိုခရီးတွေ ပြည်ပခရီးစဉ်သွားတာများပြီးတော့ ဒီသင်္ကြန်ရက်ဆိုရင် ရက်ရှည်ခရီး အများဆုံးသွားကြတာမျိုး ထွက်ပါတယ်။ တော်တော်များများက ဥရောပခရီးစဉ်လိုဟာမျိုး နှစ်နိုင်ငံ၊ သုံးနိုင်ငံသွားရတဲ့ ခရီးစဉ်မျိုးတွေ။ အာဆီယဒေသတွင်းမှာဆိုရင် ဗီယက်နမ်တို့၊ ကမ္ဘောဒီယားတို့ နှစ်နိုင်ငံတွဲတာမျိုးတွေ၊ တစ်နိုင်ငံတည်းဆိုရင် အစုံရောက်တဲ့ ခရီးစဉ်တွေ တစ်ပတ်ခရီးစဉ်တွေပေါ့။ အဲလိုဟာမျိုးတွေ ပြည်ပခရီးစဉ်တွေကို သွားကြတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဧပြီလ (သင်္ကြန်နောက်ပိုင်း)တွင် ခရီးသွားလုပ်ငန်းများ အထိုက်အလျောက် ရပ်နားရမည်ဖြစ်၍ လက်ရှိအချိန်မှစ၍ သင်္ကြန်ကာလအထိကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြရခြင်းဖြစ်၍ ရက်ရှည်ခရီးစဉ်များအတွက် ပြည်ပခရီးစဉ်များအပြင် အပျော်စီးသင်္ဘောခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Photo- Star Zone Travels ၊ AM Star Travel & Tour)

Leave a Reply

Your email address will not be published. Required fields are marked *